တောင်သာ၊ တမိုက်သာတပ်စခန်းကို PDF ဝင်တိုက်၊ ၅ ဦး မျက်မြင်သေဆုံးဟုဆို

ဓာတ်ပုံ - မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း
ပုံစာ - မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များကို တွေ့ရစဉ်။ ( ပုံဟောင်း )

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာတပ်စခန်းကို PDFတို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၅ရက်၊ နံနက် ၅နာရီခွဲခန့်က တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာ တပ်စခန်းကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ဦး မျက်မြင်သေဆုံးခဲ့ကြောင်း ယနေ့(နိုဝင်ဘာ၉ရက်) နံနက်ပိုင်း၌ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်သည်။

” ၃ထပ်တိုက်မှာ ထိုင်ထားတာ။ ဘန်ကာတွေကလည်း ကောင်းတယ်။ ကျနော်တို့ဘက်က ပစ်ကွင်း လည်း မသာဘူး။ RPG နဲ့ ဖြိုခွင်းလို့ရတဲ့နေရာမဟုတ်ဘူး။ ရှေ့မှာ အပင်တွေနဲ့လည်း ရှုပ်နေတော့။ ကျနော်တို့ဆီမှာ အများဆုံးပါတဲ့ RPG က ပစ်မရတော့ ၄၀မမ နဲ့ပစ်တယ်။ လက်ပစ်ဗုံးတွေနဲ့တော့ ပစ်တယ်။ ဒါပေမဲ့ ၃ထပ်တိုက်လည်း ဖြစ်တယ်။ အပေါ်ကလည်း ပြန်‌ပစ်နေတော့ သိမ်းမရခဲ့တာဗျ။ လက်နက်က အခြေအနေမပေးလို့ မကောက်ခဲ့ရဘူး။ တိုက်ပွဲချိန်ကြာလာလို့ ကျနော်တို့ အထိအ ခိုက်မရှိပြန်ဆုတ်ခဲ့တာ။ တိုက်ပွဲဖြစ်ပြီး ကျနော်တို့ ဆုတ်သွားတော့မှ ကြာပို့ဆေးရုံကို သေနတ် ဖောက်ပြီး ဒဏ်ရာရတဲ့လူနာတွေ ‌ပို့တယ်လို့သိရပါတယ်။ အခြေအနေဆိုးတဲ့ ၅ဦးကို မြင်းခြံဆေးရုံ ပို့ပြီး မဆိုးတဲ့ ၃ဦးကို ကြာပို့ဆေးရုံကို ‌ပို့တာ ” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ် ဦးက MPA ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ယင်းစခန်းမှ အမျိုးသမီးပျူစောထီးများ ထွက်ပြေးသွားကြပြီး မည်သည့်ဘက်သို့ ပြေးသွားသည်ကိုမူ မသိရှိရပေ။

ကြာပို့ရွာ ဆေးရုံတွင် ‌ဒဏ်ရာရ စစ်သားများကို ဆေးကုသနေစဉ် ယင်းရွာရှိ လက်ဖက်ရည်ဆိုင်နှင့် မုန့်ဟင်းခါးဆိုင်တို့၌ ထိုင်နေသည့် လူငယ် ၆ဦးနှင့် မင်းကြို့ရွာမှ အမျိုးသမီးများအပါအဝင် ပြည်သူ ၅ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

” ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ အသေးစိတ်အချက်အလက်‌တွေ မသိရသေးပါဘူး။ ဘယ်ကိုခေါ်သွား လဲ လည်း မသိရဘူးဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။

တောင်သာမြို့နယ် တမိုက်သာကျေးရွာသည် မြင်းခြံ – ပုဂံညောင်ဦးလမ်းပိုင်း၊ ကားလမ်းဘေးတွင် တည်ရှိပြီး စစ်သားနှင့် ပျူစောထီး စုစုပေါင်းအင်အား ၅၀ ခန့် အထိုင်ချတပ်စွဲထားကာ ဂိတ်ဖွင့်၍ ပြည်သူများအား ‌နှောက်ယှက်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ယင်းရွာတွင် စစ်သားများ အထိုင်ချတပ်စွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ခု၊ ဇွန်လက တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသေးသည်။

စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။