ဖားကန့်မြို့ရှိ ရဲတပ်ရင်း ၃၀ သို့ စစ်တပ်က အင်အားတစ်ရာကျော် အင်အားဖြည့်

ဓာတ်ပုံ-Tarlin Mg
ပုံစာ-ဖားကန့်မြို့တစ်နေရာအားတွေ့ရစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ၊ ရဲတပ်ရင်း ၃၀ကို ယမန်နေ့( နိုဝင်ဘာ ၉ရက်)၊ နံနက်ပိုင်း၌ အင်အား ၁၀၀ကျော် ဖြည့်တင်းခဲ့‌ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ဖားကန့် ရဲတပ်ရင်း ၃၀မှာ အင်အားတစ်ရာကျော်တိုးလာတယ်။ ပြီးတော့ လက်ရှိအခြေအနေကတော့ ဒေသခံတွေကို ဖမ်းဆီးတာ၊ ဒေသခံရှောင်ရတာမျိုးတော့ မရှိဘူး။ နောက်ပြီးတော့ ရံဖန်ရံခါတော့ လူအသွားအလာလုပ်တဲ့နေရာမျိုးမှာတော့ စစ်ဆေးတတ်ပါတယ်။ ဒေသခံများအနေနဲ့ အထူးဂရုစိုက်ဖို့လိုပါတယ်” ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေ ၂၉ ရက်ကလည်း ဖားကန့်မြို့နယ် မှော်စီစာဒေသရှိ နောင်ပေါကျောင်းကို စစ်ကော်မရှင်တပ်က အင်အား ၁၀၀ကျော်ဖြင့် တပ်စွဲဖူးပြီး ပြန်လည် ဆုတ်ခွာခဲ့သော်လည်း နိုဝင်ဘာ ၉ရက်တွင် အင်အား ၅၀ဖြင့် ထပ်မံတပ်စွဲထားကြောင်းသိရသည်။

“အခုလောလောဆယ် ဖားကန့်မှာ ဘာအခြေအနေမှ မထူးသေးဘူး။ တစ်ခါတလေတော့ သေနတ်ဖောက်သံကြားရတယ်။ ညမိုးချုပ်ဆိုရင်တော့ သိပ်အပြင်မထွက်ရဲဘူး။ မတော်တဆဖမ်းခံရမှာ ကြောက်ရတယ်” ဟု နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် ဖားကန့်၌ အင်အားတိုးချဲ့မှုများသည် ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

“ကျတော်အထင်တော့လေ စစ်တပ်က သူတို့ကျင်းပမယ့် ရွေးကောက်ပွဲပိုနီးလာတော့ အင်အားလာပြတာတယ်။ ပြီးတော့ သူတို့ လုပ်မယ့် ရွေးကောက်ပွဲက ဘယ်သူမှတားမရဘူးဆိုတဲ့အထာပေါ့။ တားတဲ့သူတွေကို အချိန်မရွေး ဖမ်းနိုင်တယ်ဆိုပြီး လုပ်ထားတာလို့မြင်တယ်။ လုံခြုံရေးကိုတော့ အတော်တင်းကျပ်ထားတယ်” ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ဖားကန့်မြို့နယ်တွင် စစ်ကော်မရှင်တပ်က ကားဖြင့် ကင်းလှည့်မှုများပြုလုပ်နေပြီး ၎င်းတို့၏ ကားနောက်တွင် ကပ်မလိုက်ရန် ဒေသခံအချင်းချင်း တိုက်တွန်းမှုများလည်းရှိနေသည်။

“မနေ့က မနက် ၁၁နာရီလောက်မှာ မှော်စီစာရွာအောက် ဘုန်းကြီးကျောင်းအနီးမှာ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်။ စစ်အုပ်စု ကားနောက် ဆိုင်ကယ်နဲ့ ကပ်ပါလာတဲ့အချိန် မိုင်းစထိခဲ့တာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့သို့ စစ်ကော်မရှင်တပ်ဝင်ရောက်ပြီးနောက်ပိုင်း မြို့တွင်း သေဆုံးနေသည့် ဒေသခံများ၏ အလောင်းများကို မကြာခဏတွေ့ရပြီး ပြီးခဲ့သည့် နိုဝင်ဘာကလည်း မရှီကထောင်ရပ်ကွက်နှင့် မယူမာရွာတို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိခဲ့သေးသည်။

ဖားကန့်ဒေသ၌ စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်သည်မပေါ်ဘဲ အသတ်ခံရသည့် အရပ်သား ၅၀ကျော်ထိရှိပြီး ၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။