တိုင်ဖွန်းမုန်တိုင်း ဖန်ဝန်းသည် နိုဝင်ဘာ ၁၀ ရက်တွင် အားပျော့ကာ တောင်တရုတ်ပင်လယ်ပေါ်မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ထွက်ခွာသွားသည်။
ယင်းမုန်တိုင်းကြောင့် လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ပြီး လူ နှစ်ဦးထက်မနည်း သေဆုံးခဲ့ကာ တစ်သန်းကျော် အား နေရာရွှေ့ပြောင်းပေးခဲ့ရသည်။
ဖိလစ်ပိုင် ကျွန်းစုတစ်ခုလုံးကို သက်ရောက်ခဲ့သည့် အဆိုပါ မုန်တိုင်းကြောင့် သစ်ပင်များ အမြစ်မှ လဲကျခဲ့သလို နိုင်ငံ တောင်ပိုင်းရှိ မြို့များကို ရေလွှမ်းမိုးစေခဲ့သည်။
နိုဝင်ဘာလ ပထမပတ်အတွင်းက ကယ်လ်မီဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင် အလယ်ပိုင်းကျွန်းစုများအား တိုက်ခတ်၍ လူပေါင်း ၂၂၄ ဦး အသက်ဆုံးရှုံးခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခု ဖန်ဝန်းမုန်တိုင်း ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြို့တော်မနီလာအပါအဝင် လူဇွန်ကျွန်းတွင် ကျောင်းများနှင့် အစိုးရရုံးများအား နိုဝင်ဘာ ၉ ရက်တွင် ပိတ်ခဲ့သော်လည်း ခန့်မှန်းထားသည့် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်မလာခဲ့ပေ။
လူပေါင်း ၁.၄ သန်း ကို ရွှေ့ပြောင်းပေးခဲ့ရသည့် ယင်းမုန်တိုင်းသည် ယခုအခါ ထိုင်ဝမ် ဘက်သို့ ဦးတည်သွားမည်ဟု ခန့်မှန်းရကြောင်း နိုင်ငံတော် မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
