မော်လမြိုင်တွင် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခံရပြီး နှစ်ဦးပွဲချင်းသေဆုံး

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ - မော်လမြိုင်မြို့အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ပွဲစျေးမှ ပြန်လာသည့် LGBT သုံးဦး လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးပွဲချင်းသေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိထားသည့် မြို့ခံများထံမှ စုံစမ်း သိရှိရသည်။

ယမန်နေ့( နိုဝင်ဘာလ ၉ ရက်)၊ ည ၁၀ နာရီခန့်က ဝေယံထက်၊ မာမက်အာယွန်း၊ တင်ကိုကိုဦး တို့သုံးဦးဟာ ဆိုင်ကယ်ဖြင့် ပွဲဈေးမှ ပြန်လာစဉ် နောက်မှ လိုက်လာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် မာမက်အာယွန်း၊ တင်ကိုကိုတို့နှစ်ဦးသည် အခင်းဖြစ်နေရာ၌ပင် သေဆုံးကာ ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိထားသည့် မော်လမြိုင်မြို့ခံတစ်ဦးက MPA ကို ပြောသည်။

“ ပစ်ခံရတာက သူတို့ ဆိုင်အရှေ့ရောက်မှာ၊ ဆိုင်ကယ်နဲ့ ပြန်လာတော့ တစ်စီးတည်း သုံးယောက်လုံးကလေ၊ အနောက်မှာ ဆိုင်ကယ်တစ်စီးလိုက်လာပြီး ပစ်သွားတာပဲ၊ အလောင်း ပြန်တွေ့တော့ အဲဒီအနားက တစ်နေရာစီမှာ သေနေပြီး၊ တစ်ယောက်ကတော့ ဒဏ်ရာပဲ ရသွားတယ်၊ မစိုးရိမ်ရဘူးပြောတယ်” ဟု ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝေယံထက်မှာ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

သေနတ်ပစ်ခံရသည့် LGBT သုံးဦးသည် မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း၌ “မြင်သလန်း” ဆံပင်မိတ်ကပ် အလှပြင်ဆိုင်ဖွင့်ထားပြီး မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကို မသိရသေးပေ။

“မမိသေးဘူး၊ အခုပဲ အဲဒီရပ်ကွက်ကနေ ပြန်လာတာ၊ အကိုတို့လည်း မသိဘူး။ ဒီမနက်မှ သိရတာ၊ အမျိုးမျိုး ပြောနေကြတာပဲလေ” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ LBGT သုံးဦးသည် နိုင်ငံရေးပတ်သက်ဆက်နွယ်မှုမရှိကြသော်လည်း ပစ်ခတ်ခံရသူများထဲတွင် မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ဆက်နွယ်မှု ရှိသည်ဟု မြို့ခံအကြား ပြောဆိုမှုများ ရှိနေသော်လည်း MPA အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“မော်လမြိုင်လောက် လုံခြုံရေးတင်းကျပ်တာ မော်လမြိုင်ပဲ ရှိတယ်။ အခုဖြစ်တာကလည်း အချင်းချင်း အဆင်မပြေလို့ ဖြစ်ကြတဲ့ ပုံစံ၊ လုယက်မှုဆိုရင် ဆိုင်ကယ်ဘာညာ ယူသွားမှာပေါ့လေနော်” ဟု အထက်ပါ ရပ်ကွက်မှာ နေထိုင်သူက ဆက်ပြောသည်။

ရွေးကောက်ပွဲနှင့် တော်လှန်ရေးအင်အားစုများ တိုက်ခိုက်မှု မခံရမှုကို ထိတ်လန့်မှုကြောင့် စစ်ကော်မရှင်သည် မော်လမြိုင်မြို့တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

လက်ရှိ စစ်ကော်မရှင်လက်အောက်ခံလက်နက်ကိုင်အဖွဲ့အစည်းများသည် အခင်းဖြစ်ရပ်နေရာများ၏ CCTV မှ တဆင့် လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေသလို မြို့အနှံ့ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။