တီးတိန် – သိုင်းငင်းကားလမ်းကို စစ်တပ် ပြန်လည်ထိန်းချုပ်

ဓာတ်ပုံ - MOI
ပုံစာ - တီးတိန်-သိုင်းငင်း ကားလမ်းပိုင်းတစ်နေရာ။ ( ပုံဟောင်း )

ချင်းပြည်နယ်၊ တီးတိန်-သိုင်းငင်း ကားလမ်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၉ရက်၊ ည‌နေပိုင်းတွင် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာ၌ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းနှင့် CDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တီးတိန် – သိုင်းငင်းကားလမ်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားကြောင်း CDF – CDM SIYIN တပ်ဖွဲ့ထံက သိရသည်။

” တီးတိန် – သိုင်းငင်းကားလမ်းကို ၉ ရက်နေ့က ( စစ်တပ် ) အပြီးသိမ်းသွားတာပါ။ တီးတိန်ဘက် ကနေ စစ်ကြောင်းထိုးလာတာပါ။၇ ရက်နေ့မှာတစ်ခါ၊ ၉ ရက်နေ့မှာတစ်ခါ တိုက်ပွဲဖြစ်ပါတယ်။ ၉ရက်နေ့မှာ တိုက်ပွဲက နာရီဝက်ကျော်လောက်ဖြစ်ပါတယ် ” ဟု CDF – CDM SIYIN၏ ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းဒီကေ က MPA ကို ပြောသည်။

သိုင်းငင်းရွာမှ CDF တပ်များ ဆုတ်ခွာရသည့် အကြောင်းရင်းနှင့် တိုက်ပွဲအခြေအနေ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ယင်းတိုက်ပွဲတွင် စစ်သား ၇ဦးသေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ CDF တပ်ဖွဲ့များ သည် သိုင်းငင်းရွာမှ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း အနီးဆုံးနေရာ၌ နေရာယူထားဆဲ ဖြစ်ကြောင်း သိရသည်။

” အဓိက မိုင်းတွေကြောင့် ရန်သူထိတာပါ။ သူတို့က ဘန်ကာတို့၊ ကတုတ်ကျင်းတွေပြင်နေကြတော့ စောင့်ကြည့်နေတဲ့အခြေအနေပါ။ ဒီလမ်းပိုင်းက သူတို့ ရွေးကောက်ပွဲလုပ်မယ့် တီးတိန်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ဆက်သွယ်တဲ့လမ်းမကြီးပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

တီးတိန်-သိုင်းငင်း ကားလမ်းပိုင်းသည် တီးတိန်-ကလေး ကားလမ်းပေါ်တွင် တည်ရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးဖြစ်သည်။

သိုင်းငင်းရွာကို ချင်းတော်လှန်ရေးတပ်များက ၂၀၂၄ခု၊ ဇန်နဝါရီ ၁၆ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ် သည်။

သိုင်းငင်းရွာသည် တီးတိန်မြို့နှင့် ၁၄ မိုင်ခန့်အကွာ၌ တည်ရှိသည်။

စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။