ရန်ကုန်၊မွန်နှင့်ပဲခူး ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းများကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက် တွင် စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်း နှင့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းများကို လက်နက်တပ်ဆင်ခြင်းအခမ်းအနားအဖြစ် ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုတွင် ယနေ့(နိုဝင်ဘာ၁၀ရက်) နံနက် ၁၀နာရီ၌ ကျင်းပခဲ့ကြောင်း သိရသည်။
“ခြေသံလုံလုံနဲ့ ထုတ်ပြန်တာတွေဘာတွေ မလုပ်ဘဲ တိုက်နေကြတယ်။အခု သွေးပူလေ့ကျင့်ခန်း ဆင်းတာ တော်တော်တောင်သွေးပူနေပါပြီ။ သေနတ်ပစ်တတ်ရုံမဟုတ်ဘဲနဲ့ စစ်စည်းကမ်းကျကျ သေချာ လေ့ကျင့်ထားကြတယ်။လက်တွေ့တိုက်ပွဲဝင်နေတယ်။အခုလက်နက်တပ်ဆင်တာက လို အပ်တာ ဖြည့်ဆည်းပေးတာပေါ့။ကျန်တာတော့ မကြာမီ လာမည် မျှော်လို့ပဲ ပြောချင်တယ်”ဟု ပဲခူးခရိုင်အတွင်းရှိ ပကဖရဲဘော်တစ်ဦးက MPAသို့ပြောသည်။





အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများ၊ လက်ရုံးတပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့(LDFs)များအား စစ်ဆင်ရေးများအရှိန်မြှင့်ဆောင်ရွက်နိုင်ရန်လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့ကိစ္စများဖြည့်ဆည်း ရေးနှင့် COC နှစ်ရပ်နှင့်အညီ အင်အားများစုစည်းတည်ဆောက်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။
ယနေ့အခမ်းအနားတွင် အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား နှင့် ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းတို့က အမှာစကားပြောကြားကြပြီး တိုင်းစစ်ဌာနအရာရှိများ၊ နည်းဗျူဟာမှူးများမှ PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စများ၊ သတင်းထောက်လှမ်းရေး ၊ ထောက်ပို့ကိစ္စများ ဆွေးနွေးပြောကြားခဲ့သည်။
