ကချင်ပြည်နယ် ဝိုင်းမော်တွင် KIA နှင့် PDF လက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိဆိုသည့် သတင်းအတု စစ်တပ်လော်ဘီချန်နယ်များ၌ ပျံ့နှံ့နေသည်။
စစ်တပ်လော်ဘီ “Snow Queen” တယ်လီဂရမ်ချန်နယ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသား ဖြန့်ဝေထားသည်။ သတင်းအတု လင့်ခ် – https://archive.ph/9NaEy
SURVEILLANCE JUSTIN အမည်ရှိ ချန်နယ်က အဆိုပါ ပို့စ်ကို ကူးယူဖြန့်ဝေထားသည်။
ဖြန့်ဝေထားသော လင့်ခ် – https://archive.ph/5jNxq
သက်သေပြ စိစစ်ချက်
စစ်တပ်လော်ဘီချန်နယ်များ ဖြန့်ဝေထားသော သတင်းကို အတိအကျ သိရှိနိုင်ရန် Google တွင် “ဝိုင်းမော် ဗုံးကြဲခံရ”ဟု ရေးသားရှာဖွေရာ People’s Spring က သတင်းဖော်ပြထားသည်။
ဖော်ပြထားသော သတင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပေါ် ရပ်ကွက်ကို စစ်ကောင်စီက နိုဝင်ဘာ ၇ရက် နေ့ခင်းပိုင်း၌ ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံပြည်သူများကို မေးမြန်း၍ သတင်းရေးထားသည်။
နိုဝင်ဘာ ၇ရက် နေ့ခင်း ၁၂နာရီခန့်တွင် ရပ်ကွက်(၃)၊ ဟိုးတုံအုပ်စုထဲကို ဗုံးတစ်လုံးကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက မြစ်ကြီးနားမြို့ကနေ ဒရုန်းလွှတ်တင်ပြီး ဗုံးကြဲချခြင်းဖြစ်ဟု မြို့ခံတစ်ဦးက ပြောကြား ကြောင်း၊ ဗုံးပေါက်ကွဲသော ဖြစ်စဉ်သည် စစ်ကောင်စီတပ် ဒရုန်းကြောင့်ဟု People’s Spring က မေးမြန်းခဲ့တဲ့ ဝိုင်းမော်မြို့ခံသုံးဦးက အတည်ပြုကြောင်း ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/p6F1
သုံးသပ်ချက်
People’s Spring က ဒေသခံပြည်သူများကို မေးမြန်း၍ ဝိုင်းမော် အမှတ် ၃ ရပ်ကွက်ပေါ်သို့ စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးသီးချသဖြင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရေးသားထားသည်။
ထို့ကြောင့် ဝိုင်းမော်တွင် KIA နှင့် PDF လက်နက်ကြီးကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရဟု စစ်တပ်လော်ဘီ များ ဖြန့်ဝေထားသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို လိမ်လည်ထားသော သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
