တောင်ကိုရီးယား သမ္မတဟောင်း နောက်ထပ်အမှုများဖြင့် တရားစွဲ ခံရ

ဓာတ်ပုံ - Anadolu Agency/IMAGO
ပုံစာ - ယခုနှစ် ဧပြီလအတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်က တွေ့ရစဉ်

တောင်ကိုရီးယား သမ္မတဟောင်း ယွန်း ဆွတ်ခ်ယောလ်သည် ပြီးခဲ့သည့်နှစ်က စစ်ချုပ်ရေး ကြေညာရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ရာထူးမှဖယ်ရှားခံရကာ တရားစွဲဆိုခံခဲ့ရပြီးနောက် နောက်ထပ်အမှုများဖြင့် ထပ်မံ တရားစွဲခံထားရသည်။

ယွန်း သည် စစ်အုပ်ချုပ်ရေး ကြေညာသည့် ၎င်း၏ အစီအစဉ်များကို ဆီလျော်စေရန်နှင့် တင်းမာမှုများ တမင်ဖန်တီးရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလ တွင် မြောက်ကိုရီးယားသို့ ထောက်လှမ်းရေး ဒရုန်းများ စေလွှတ်ခဲ့သည် ဟု စွပ်စွဲခံထားရသည်။

ယင်းစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် လီဂျေ မြောင်းက ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် အထူးရှေ့နေအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

သမ္မတဟောင်းယွန်း နှင့် ၎င်း၏ ထိပ်တန်း ကာကွယ်ရေးအရာရှိဟောင်းနှစ်ဦးဖြစ်သော ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ် ယုန်-ဟျွန်းနှင့် စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲဟောင်း ယော အင်-ဟျောင်းတို့သည် ရန်သူကို အားပေးကူညီမှုနှင့် အာဏာအလွဲသုံးစားပြုမှုများ ဖြင့် စွဲချက်တင်ခံခဲ့ရသည်။

ရှေ့နေများ၏ ပြောရေးဆိုခွင့်ရှိသူ ပတ်ခ် ဂျီ-ယောင်း က စစ်ဘက်အရာရှိတစ်ဦး၏ ဖုန်းတွင် မြောက်ကိုရီးယားကို ရန်စမှုများဖြစ်စေသော လုပ်ရပ်များကို ညွှန်ကြားထားသည့် စကားလုံးအချို့ကို စစ်ဆေးတွေ့ရှိရကြောင်း ရိုက်တာသတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပြုံယမ်းအပေါ်မှ ဒရုန်းများ ပျံသန်းကာ ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ချခဲ့ကြောင်း မြောက်ကိုရီးယားက တောင်ကိုရီးယားကို စွပ်စွဲခဲ့သည်။

အစပိုင်းတွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ် က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မြောက်ကိုရီးယား၏ စွပ်စွဲမှုများ မှန်ကန်ခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စကြောင့် မြောက်နှင့် တောင်ကိုရီးယားတို့အကြား တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။

သမ္မတဟောင်း ယွန်း သည် စစ်အုပ်ချုပ်ရေး ကြေညာရန် ဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲပေးမည့် ဥပဒေပြုအမတ်များကို တားဆီးရန်အတွက် လွှတ်တော်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့်နောက်ပိုင်း တောင်ကိုရီးယားတွင် နိုင်ငံရေးမငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့သည်။

သူ့ကို ဇန်နဝါရီလက ထိန်းသိမ်းခဲ့ရာ နိုင်ငံ၏ သမိုင်းတွင် လက်ရှိသမ္မတတစ်ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ဖြစ်သည်။

ယွန်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဧပြီလတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

သမ္မတဟောင်းသည် စစ်အုပ်ချုပ်ရေး ကျင့်သုံးရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိဘဲ၊ အတိုက်အခံပါတီများ၏ မလျော်ကန်သော လုပ်ရပ်များအပေါ် သတိပေးရန်နှင့် ဒီမိုကရေစီကို “နိုင်ငံတော်ဆန့်ကျင်သော” အင်အားစုများထံမှ ကာကွယ်ရန် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ကြောင်း အမြဲတမ်း ငြင်းဆိုခဲ့သည်။

သူ၏ ရှေ့နေအဖွဲ့ကလည်း ယွန်း သည် ဒရုန်းပျံသန်းမှုများနှင့် ပတ်သက်၍ သတင်းပို့ခံရခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ထောင်ထဲတွင် ရောက်ရှိနေသော အဆိုပါ သမ္မတဟောင်းသည် စစ်အုပ်ချုပ်ရေး ကြေညာခြင်းနှင့် ဆက်စပ်သော ပုန်ကန်မှုကို ညွှန်ကြားခြင်းနှင့် အခြားပြစ်မှုများ ဖြင့် ဆက်လက် တရားရင်ဆိုင်နေရဆဲဖြစ်သည်။