ရန်ကုန်တွင် ဖမ်းဆီး ပေါ်တာဆွဲမှုများ ပြန်လည်မြင့်တက်လာကြောင်း Rangoon Scout Network -RSN ထံက သိရသည်။
တရားမဝင်ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ပြုသည့် အောက်တိုဘာ၂၈ရက်မှစတင်ကာ တစ်ပတ် ခန့်ကြာ ဖမ်းဆီးပေါ်တာဆွဲခြင်းများ လျော့ကျခဲ့ပြီးနောက် ယခင်အတိုင်း ပြန်ဖမ်းလာခြင်းဖြစ် ကြောင်း သိရသည်။
“ဒီအပတ်ထဲ(နိုဝင်ဘာ၃-၉ရက်) အဖမ်းအဆီးတွေ ပြန်များသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ နည်းသွားပါတယ်။ ခုအပတ်တော့ အရင်လတွေက နှုန်းအတိုင်း ပြန်လိုက်ဆွဲနေတယ်လို့ တွေ့ရပါတယ်ဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ရန်ကုန်တွင် နိုဝင်ဘာ၃-၉ရက်အတွင်း မတရားဖမ်းဆီးခံရသူ ၁၉ဦး၏ ဖြစ်စဉ်ကို RSN ကသိရှိခဲ့ ပြီး စစ်တပ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်၍ ဖမ်းဆီးခံရသူ တစ်ဦး၊ လမ်းပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၈ ဦး၊ ဆိုင်ထိုင်နေစဉ် ဝင်ဖမ်းခံရသူ တစ်ဦး၊ ပြည့်တန်ဆာဖြင့်မျှားပြီး ဖမ်းဆီးခံရသူ ၄ ဦး၊ အလုပ်ဖြင့် မျှား ပြီး ဖမ်းဆီးခံရသူ တစ်ဦးနှင့် ရန်ဖြစ်၍ ဖမ်းပြီး စစ်တပ်ဆီ အပို့ခံရသူ ၄ ဦးတို့ဖြစ်ကြောင်း RSN က ယနေ့(နိုဝင်ဘာ၁၀ရက်)သတင်းထုတ်ပြန်သည်။
“ဟုတ်တယ်။မဲဆွယ်တဲ့စစချင်းရက်တွေက လမ်းပေါ်တွေဘာတွေ ဖမ်းတာဆီးတာနဲ့ ပတ်သက်ပြီး တော်တော်အသံတိတ်သွားတယ်။အခုတော့ ခွေးမြီးကောက် ကျည်တောက်စွပ်ပါပဲ။လူငယ်တွေ သ တိထားစေချင်တယ်။ဖမ်းတာမှန်သမျှ စစ်တပ်ထဲ ထည့်တာချည်းပဲ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ် က ပြောသည်။
လူ၁၉ဦး ဖမ်းဆီးမှုကို တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဗဟန်း၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သန်လျင်နှင့် တာမွေမြို့နယ်တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၂၇ရက်မှ နိုဝင်ဘာ၂ရက်အတွင်း ရန်ကုန်လမ်းများပေါ် ဖမ်းဆီးခံရသူ၅ဦးနှင့် ရှာဖွေဖမ်းဆီးခံရသူ တစ်ဦး ရှိခဲ့ကြောင်း RSN ကထုတ်ပြန်ထားသည်။
အောက်တိုဘာလတွင် ရန်ကုန်တိုင်း၌ မတရားဖမ်းဆီးခံရသူ ၉၄ဦးရှိကြောင်းလည်း RSN က ဆိုသည်။
