မဲဆောက်ရောက် ထိုင်းဝန်ကြီးချုပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို စစ်ကြေညာ

ဓာတ်ပုံ- The Standard
ပုံစာ - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်က တရားမဝင်ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံသားများအား မဲဆောက်မှ နေရပ်သို့ပြန်ပို့မှု လုပ်ငန်းစဉ်အား လာရောက်ကြည့်ရှုသည့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ နိုဝင်ဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့သည့် ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူက အွန်လိုင်းလိမ်လည်ဂိုဏ်းများကို အစွမ်းကုန်နှိမ်နှင်းသွားမည်ဟု ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် အနုတင်သည် ယမန်နေ့ နေ့လည် ၂ နာရီဝန်းကျင်ခန့်က တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းကို ကြီးကြပ်ရန်အတွက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝင်ရောက်လာသူများအနက်မှ အိန္ဒိယနိုင်ငံသားများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ရေးအတွက် မဲဆောက်သို့ ရောက်ရှိနေသည့် သံအမတ်ကြီး နာဂက်ရှ်ဆင်းဂ်နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်နှင့် အိန္ဒိယသံအမတ်ကြီးတို့သည် အွန်လိုင်းနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းရေးဆိုင်ရာ သတင်းအချက်အလက်နှင့် အမြင်များကို ဖလှယ်ဆွေးနွေးခဲ့သည်။

ဝန်ကြီးချုပ်အနုတင်က အွန်လိုင်းမှုခင်း နှိမ်နင်းရေးကို အမျိုးသားရေးကိစ္စ အဖြစ် မြှင့်တင်ကာ အစိုးရမှ အမြင့်ဆုံး ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာများမှ အိန္ဒိယနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများ ကို ပြန်လည်ပို့ဆောင်ရေးတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အိန္ဒိယက ၎င်းတို့နိုင်ငံသားများကို နိုဝင်ဘာ ၁၀ ရက်နေ့က ၁၉၇ ဦး နှင့် နိုဝင်ဘာလ ၆ ရက်နေ့က ၂၇၀ ဦး တို့ကို နေရပ်ပြန်ပို့ပေးခဲ့သည်။