အလုံ ပြည်ခိုင်ဖြိုးအမတ်လောင်းကို မူးယစ်ရာဇာဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည့် AAMIJ News အား စစ်ကော်မရှင် အမှုဖွင့်

ပုံစာ- ပြည်ခိုင်ဖြိုးအမတ်လောင်း အောင်စိုး

ရန်ကုန်မြို့၊အလုံမြို့နယ် ပြည်ခိုင်ဖြိုးအမတ်လောင်း အောင်စိုးသည် မူးယစ်ရာဇာဖြစ်ကြောင်း ဖော်ထုတ်ရေးသားခဲ့သည့် AAMIJ News ကို စစ်ကော်မရှင်က အမှုဖွင့်လိုက်သည်။

အလုံမြို့နယ် တိုင်းဒေသကြီးအမတ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ တရားမဝင် ရွေးကောက်ပွဲဝင်မည့် အလုံမြို့နယ်၊သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အောင်စိုးသည် မူး ယစ်ဆေးဖြန့်ဖြူးသူတို့ကို ကြိုးကိုင်နေသူဖြစ်ကြောင်း AAMIJ News က ရေးသားခဲ့ရာ စစ်ကော်မရှင် က AAMIJ Newsပေ့ချ် တာဝန်ရှိသူများအား နိုဝင်ဘာ၇ရက်၌ အလုံမြို့မရဲစခန်း(ပ)၂၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ကာဖမ်းဆီးရမိရေးဆောင်ရွက်နေသည်ဟု ခြိမ်း ခြောက်ထားသည်။

“အောင်စိုးဆိုတာ အလုံမှာ မြို့နယ်ထွေအုပ်လည်း မထိရဲဘူး။ရဲတွေလည်း မထိရဲဘူး။စစ်တပ်ကို တိုက်ရိုက်လိုင်းကြေးပေးပြီး လုပ်စားနေတာ တော်တော်များများလည်း သိကြပါတယ်။ဘာတွေလုပ် စားသလဲဆိုတော့ မူးယစ်ဆေးနဲ့ ခါတော်မှီ စစ်မှုထမ်းကိစ္စတွေ။လူမိုက်လိုလိုကောင်တွေလည်း ပေး ကျွေးပြီးမွေးထားသေးတယ်။ဂိုဏ်းစတား အမတ်လောင်း”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPA သို့ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း၊သုံးခွမြို့နယ်၊ပုလဲကျေးရွာနေ အသက်၃၀အရွယ်ရှိ မယမုံဦးနှင့် မရမ်းကုန်းမြို့ နယ်နေ ဒေါက်တာခင်မ တို့ကိုလည်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ တရားမဝင်ရွေး ကောက်ပွဲကို ဆန့်ကျင်သည့်စာများရေးသားသည်ဟုဆိုကာ တရားမဝင်ရွေးကောက်ပွဲကာကွယ် ရေး ပုဒ်မ ၂၄(က)ဖြင့် အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေကြောင်း စစ်ကော်မရှင်က ခြိမ်းခြောက်ထား သည်။