တရားစွဲခြိမ်းခြောက်မှုများကို မမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆက်လက်ဖော်ထုတ် သွားမည်ဟု AAMIJ News ထုတ်ပြန်

မည်သို့ပင်တရားစွဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်စေကာမူ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူလူထုသိရှိစေရန် ဆက်လက်ဖော်ထုတ်ရေးသားသွားမည်ဟု ပြည်ပအခြေစိုက် AAMIJ News သတင်းဌာနက ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့၊အလုံမြို့နယ် ပြည်ခိုင်ဖြိုးအမတ်လောင်း အောင်စိုးသည် မူးယစ်ရာဇာဖြစ်ကြောင်း ဖော်ထုတ်ရေးသားခဲ့သည့် AAMIJ News ကို စစ်ကော်မရှင်က တရားစွဲခဲ့ခြင်းနှင့်ပတ်သက်ပြီး AAMIJ News အယ်ဒီတာအဖွဲ့က ယနေ့(နိုဝင်ဘာ၁၂ရက်) ကြေညာချက်ထုတ်ပြန်ရာ၌ အထက်ပါအ တိုင်းဖော်ပြထားသည်။

AAMIJ News သတင်းဌာနကို တရားစွဲဆိုသည့်ဖြစ်ရပ်မှာ ပြည်သူ့ကိုယ်စား အသံထွက်ပေးရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက မူးယစ်ဆေးဝါးဖြန့်ဖြူးသူဖြစ်ကြောင်း စုံစမ်းထောက်လှမ်းကာ အမှန်တရားကို အခြေခံ၍ ရေးသားဖော်ထုတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း
ပြည်သူ သိသင့်သည့် သတင်းအမှန်ကို ထုတ်ဖော်ခြင်းအတွက် တရားစွဲဆိုခံရခြင်းသည် ဒီမိုကရေစီ၏ အခြေခံမူများကို စစ်တပ်က တိုက်ရိုက်ချိုးဖောက်နေခြင်း ဖြစ်ကြောင်းနှင့် ပြည်သူလူထု တရားမျှတမှု ရရှိစေရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ဖော်ထုတ်ရေးသားသွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။

AAMIJ Newsတွင် ပြည်သူ့ရှေ့ဆောင်ပါတီအမတ်လောင်းဖြစ်လာသည့် ပျူစောထီးခေါင်းဆောင်၏ ဇာစ်မြစ်နှင့် တန်ဆောင်တိုင် လပြည့်ည၌ လူငယ်တစ်ဦးကို တောင်ကြီးမြို့အခြေစိုက် ပြည်သူ့ရှေ့ဆောင်ပါတီ အမတ်လောင်းနှင့် သားဖြစ်သူက ကြက်လာခိုးသည်ဟု စွပ်စွဲကာ ရိုက်နှက်ခဲ့ရာမှ သေဆုံးသွားခဲ့ခြင်း သတင်းများ ဖော် ပြခဲ့သော်လည်း စစ်ကော်မရှင်က တရားစွဲခြင်းမရှိဘဲ ပြည်ခိုင်ဖြိုးပါတီ၏ အလုံမြို့နယ် တိုင်းလွှတ် တော်အမတ်လောင်း အောင်စိုးသည် မူးယစ်ဆေးရောင်းနေသူများအား နောက်ကွယ်က ကြိုးကိုင်နေ သူဖြစ်ကြောင်း ဖော်ထုတ်ရေးသားသည့်အခါမှ စစ်ကော်မရှင်က တရားစွဲခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တရားစွဲဆိုမှုအပေါ် AAMIJ News တာဝန်ခံအယ်ဒီတာ ဆရာနေမျိုးက “အဲဒီကိစ္စကတော့ ဗျာ။ကျနော်တို့လည်း မပြောတတ်ပါဘူးဗျ။ဘာ့ကြောင့် ဒီလိုမျိုး တရားစွဲတယ်ဆိုတာကိုပေါ့နော်။ ကျ နော်တို့လည်း နားမလည်နိုင်ဖြစ်ရပါတယ်။ကျနော်တို့သည် အမှန်တရားတစ်ခုကို ဖော်ထုတ်ရေးသား တာဖြစ်ပါတယ်”ဟု MPAသို့ပြောသည်။

စစ်ကော်မရှင် က AAMIJ Newsပေ့ချ် တာဝန်ရှိသူများအား နိုဝင်ဘာ၇ရက်၌ အလုံမြို့မရဲစခန်း(ပ) ၂၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ကာဖမ်းဆီးရမိရေးဆောင်ရွက်နေသည်ဟု ခြိမ်း ခြောက်ထားသည်။

ယင်းတရားစွဲဆိုမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ခြင်းမှ နောက်ဆုတ်မည် မဟုတ် ဘဲ AAMIJ News သတင်းဌာန၏ အဓိကမူဝါဒဖြစ်သည့်”မည်သည့် လူ့အခွင့် အရေးချိုး ဖောက်မှုမှလက်မခံပါ” ဆိုသည့်အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စုံလင်သည့်အမြင်များ အား ဘက်မလိုက်ဘဲ တစ်စိုက်မတ်မတ် ဖော်ထုတ်ရေးသားသွားမည်ဟုဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်နိဂုံးချုပ်ရေးအတွက် မည်သည့်ခြိမ်းခြောက်မှုမျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေAAMIJ News သတင်းဌာနအနေဖြင့် တတ်စွမ်းသမျှဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။