ဆေးရုံပေါ် စစ်တပ်ဗုံးကြဲသဖြင့် သေဆုံးခဲ့သော အရပ်သားများကို PDF များဟု တံဆိပ်ကပ်ထားသည့် သတင်းအမှား

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် NUG ဆေးရုံပေါ် စစ်တပ်ဗုံးကြဲသဖြင့် PDF အများအပြားသေဆုံးခဲ့ဟုဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ NUG အစိုးရ၏ မြေအောက်ဆေးရုံကို စစ်တပ်က ဗုံးကြဲရှင်းလင်းရာ PDF ရှစ်ဦး သေဆုံး ကြောင်း ၊ ဆေးကုနေသည့် PDF လူနာများ သေဆုံးသွားသည်ဟု NUG ၏ ပြောရေးဆိုခွင့်ရှိသူ နေဘုန်း လတ်က ပြောဆိုကြောင်း ရေးသားဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို “Truth Media, Snow Queen” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ် ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူးဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/Vm9jl
Truth Media – https://archive.ph/BZMX9
Snow Queen – https://archive.ph/uoqOW

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ကနီမြို့နယ် တိုက်နယ် ဆေးရုံ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, Mandalay Free Press, Red Peacock” တို့က သတင်းရေးထားသည်။

Myanmar Now တွင် နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲရှိ ဝင်းမနားတိုက်နယ်ဆေးရုံကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာ ခုနစ်ဦး နှင့် ဆေးရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့ ကြောင်း၊ အဆိုပါ ဆေးရုံသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဆေးရုံဖြစ်ကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/4OXr5

Mandalay Free Press တွင် နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြောက်ခြမ်းတွင်ရှိသည့် တိုက်နယ်ဆေးရုံကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့ကြောင်း၊ ဗုံးမှာ ဆေးရုံ၏ မွေးလူနာဆောင်နှင့် လက်ကျိုးခြေကျိုး ကုသဆောင် ပေါ်သို့ ကျရောက်ခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေပြီး သွေးနှင့်ဆေးဝါး လိုအပ်ချက်များ ရှိနေကြောင်း ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/CEggB

Red Peacock တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲရှိ NUG အစီအစဉ်ဖြင့် လည်ပတ်နေသည့် ဝင်းမနား တိုက်နယ်ဆေးရုံကို စစ်တပ်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေ ဆုံးသူ ရှစ်ဦးထိ ရှိနေပြီဖြစ်ကြောင်း၊ လူနာနှင့် လူနာစောင့်များ သေဆုံးခဲ့ကြောင်း ရေးသားထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/sl8g

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်း တိုက် ခိုက်ခဲ့သဖြင့် ဆေးရုံတက်နေသော အရပ်သား ပြည်သူ ရှစ်ဦး သေဆုံးကြောင်း ရေးသားထားသည်။

သေဆုံးသူ များမှာ လူနာနှင့် လူနာစောင့် များ ဖြစ်နေကြောင်း သတင်းများအရ သိရသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “NUG ဆေးရုံ ဗုံးကြဲမှုတွင် PDF အများအပြား သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။