ပြည်သူ့သားကောင်းပီသရေး ကလေးဒေသ တော်လှန်ရေးအဖွဲ့များအား တာဝန်ရှိသူများက ကြီးကြပ်ရန် KPSSC တိုက်တွန်း

ဓာတ်ပုံ - PDF– Kalay
ပုံစာ-ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဒေသတွင်းအခြေပြုတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူတစ်ယောက်ချင်းစီ၏ ယုံကြည်အားကိုးရသော ပြည်သူ့သားကောင်းပီသစွာ​ပြုမူနေထိုင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ပေးရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ(Kalaytownship People’s Strike Steering Committee(KPSSC)က တိုက်တွန်းထားသည်။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီသည် ကလေးဒေသအတွင်းရှိ ရပ်ရွာအသီးသီးမှ ဒေသခံကိုယ်စားလှယ်စုစုပေါင်း (၁၂၀)ဦးဖြင့် လူထုတိုက်ပွဲညီလာခံ(ကလေးမြို့)ကို အောက်တိုဘာ (၁၁)ရက်နေ့တွင် ကျင်းပခဲ့ပြီး အထက်ပါတိုက်တွန်းချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” တော်လှန်ရေးနဲ့ပြည်သူအကြားမှာ ဆက်ဆံရေး၊လူမှုရေး၊အုပ်ချုပ်ရေးစတဲ့ ပြည်သူ့ရေးရာကိစ္စတွေ လေဟာနယ်(အဟ)ဖြစ်လို့မရဘူး။ ဒီ့အတွက်‌အကြောင့် ပြည်သူ့အကျိုးရှေးရှုတဲ့ အဖွဲ့အစည်းတိုင်းအနေနဲ့ ပြည်သူလူထုအကျိုးစီးပွားရှေးရှုပြီး ပြည်သူနှင့်တော်လှန်ရေးအပေါ် ထိန်းထိန်းသိမ်းသိမ်းပြုမူကြဖို့အတွက် အဓိကမီးမောင်းထိုး ဆွေးနွေးဖော်ပြထားတာဖြစ်ပါတယ်”ဟု KPSSCမှ ကိုဗိုက်ပူက MPAသို့ ပြောသည်။

ကလေးမြို့နယ်တွင် တော်လှန်ရေးရဲဘော်အချို့၏ ပြုမူလုပ်ဆောင်ပုံများသည် ပြည်သူလူထုအကြား ဝေဖန်စရာများရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ ကြိုတင်မထိန်းသိမ်းနိုင်ပါက PDFသည် စစ်ကောင်စီတပ်နှင့်မခြားဟူ၍ ပြည်သူများယူဆလာပြီး တော်လှန်ရေးကို ဆုတ်ယုတ်စေနိုင်ကြောင်း ကလေးမြောက်ပိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

” တချို့ရဲဘော်တွေက မူးရူးပြီးပြည်သူနဲ့ဆက်ဆံတဲ့အခါ မပြေမပြစ်တွေဖြစ်တာရှိတာပေါ့။ လူငယ်တွေ မသိနားမလည်လို့ စိတ်အဆင်မပြေလို့ဆိုပြီး ဖြေကောင်းဖြေနိုင်တာပေါ့လေ။ ဒါပေမဲ့ ခေါင်းဆောင်တွေက အသိသတိလေးနဲ့ထိန်းကျောင်းကြရင် ပိုကောင်းတာပေါ့။ ပြည်သူကမသိနားမလည်ရင်လည်း သေချာရှင်းပြစည်းရုံး၊ အပြစ်ပေးရမယ်ဆိုလည်း ထိုက်သင့်တဲ့အပြစ်ဥပဒေအတိုင်း လုပ်ကြရင်ကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။

တော်လှန်ရေးကာလ ငါးနစ်နီးပါးရှိလာသည်နှင့်အမျှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်မြေအသီးသီးတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးမှုပိုမိုရယူထားနိုင်ပြီး တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့် ပြည်သူလူထုအကြား ဆက်ဆံရေးအချို့တွင် ပွတ်တိုက်မှုများ မကြာခဏရှိနေခဲ့သည်။

ထိုသို့ပွတ်တိုက်မှုများဖြစ်ရခြင်းသည် တပ်တွင်းတည်ဆောက်မှုလိုအပ်ချက်များ၊ စည်းမျဥ်း၊ အတွေးအခေါ်ပျက်ကွက်ချို့တဲ့မှုများကြောင့်ဟု ယူဆပြီး တော်လှန်ရေးရဲဘော်များအနေဖြင့် ပြည်သူလူထုကြားမှပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ပြည်သူနှင့်တစ်သားတည်းဖြစ်ရန် လိုအပ်ကြောင်း ချင်းပြည်နယ်မှ တော်လှန်ကဗျာဆရာတစ်ဦးက သုံးသပ်သည်။

” တကယ်စနစ်ကျတဲ့ အဖွဲ့တွေရှိနေသေးတာရယ်၊ အဆုံးအထိ ဆက်လက်ချီတက်မှဖြစ်မယ့် တော်လှန်ရေးမို့ စိတ်ကုန်တဲ့အထိတော့ မရောက်သေးဘူးပေါ့။ပြည်သူလူထုထောက်ခံမှု မရှိတော့တာ၊ပြည်သူလူထုရဲ့ ယုံကြည်ချက် ပျက်သုဥ်းသွားရင် ဖွတ်မရ ဓားမဆုံး ဖြစ်မယ့်ကိစ္စတွေကို ဘာကြောင့်များမမြင်နိုင်ကြရတာလဲ။ အာဏာ၊လုပ်ပိုင်ခွင့်၊ငွေကြေးတွေကို ဘာကြောင့်ငမ်းငမ်းတက်သွားကြရတာလဲဆိုတာကတော့ ကိုယ်ခံအား မကောင်းတာကြောင့်လို့မြင်မိတာပဲ။ စနစ် ကိုမတည်ဆောက်နိုင်သရွေ့ တနေ့ရွှေ တနေ့ငွေဘဝကနေ သံချေးတက်နေကြရဦးမှာ “ဟု အထက်ပါကဗျာဆရာက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ကလေးမြို့နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ဘက်ချင်းပြည်နယ်များသို့ အင်အားအလုံးအရင်း​ဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး တော်လှန်ရေးအင်အားစုများ သိမ်းပိုက်စိုးမိုးထားသည့် ကျေးရွာနှင့်လမ်းပိုင်းများ လက်လွှတ်ဆုံးရှုံးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။