စစ်ကောင်စီ၏ နိုင်ငံတကာဆက်ဆံရေးနှင့် တော်လှန်ရေးအင်အားစုများ၏ စိန်ခေါ်မှုများ

လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပန်းချီကားသည် ရှုပ်ထွေးပွေလီလာပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် စစ်အုပ်စု၏ ခြေလှမ်းများနှင့် တော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းမှုများသည် တစ်ဖက်နှင့်တစ်ဖက် အားပြိုင်နေသည်ကို တွေ့ရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အထီးကျန်ဖြစ်ခဲ့သည်ဟု ယူဆရသော မြန်မာစစ်ကောင်စီသည် နိုင်ငံတကာဆက်ဆံရေးကို အင်တိုက်အားတိုက် ပြန်လည်တည်ဆောက်လာပြီး ၎င်း၏ နိုင်ငံရေးတည်ငြိမ်မှုကို ခိုင်မာစေရန် ကြိုးစားနေသည်။

စစ်ကောင်စီ၏ နိုင်ငံတကာဆက်ဆံရေး အရှိန်အဟုန်မြင့်လာမှု

မြန်မာစစ်ကောင်စီသည် နိုင်ငံကြီးသုံးနိုင်ငံဖြစ်သော ရုရှား၊ တရုတ်နှင့် အိန္ဒိယ တို့၏ ထောက်ခံမှုကို ရယူထားနိုင်ကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ရုရှားနိုင်ငံနှင့် စစ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ တိုးတက်လာပြီး ရုရှားဦးဆောင်သော ညီလာခံများနှင့် စစ်ရေးပြအခမ်းအနားများတွင် တိုက်ရိုက်ပါဝင် တက်ရောက်ခွင့်ရရှိနေသည်။ ရုရှား၏ ကူညီမှုဖြင့် ရုရှား၏ မဟာမိတ်နိုင်ငံဖြစ်သော ဘီလာရုစ်နှင့်လည်း စစ်ကောင်စီအနေဖြင့် ဆက်ဆံရေး တိုးချဲ့ တည်ဆောက်နိုင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့ပြီး စီးပွားရေးနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင်မူ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီအနေဖြင့် နယ်မြေများ ဆုံးရှုံးခဲ့ရသော်လည်း မြန်မာစစ်ကောင်စီသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ရန် အထူးကြိုးစားခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ရယူ ထိန်းချုပ်နိုင်ခဲ့ပြီး MNDAA နှင့် TNLA တို့၏ ရှေ့ဆက်တိုးတိုက်ခိုက်မှုများကို ဟန့်တားထားနိုင်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ ဦးဆောင်သော လန်ချန်း-မဲခေါင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SOC) ကဲ့သို့သော ဒေသတွင်း အစည်းအဝေးများတွင် တိုက်ရိုက်ပါဝင်ခွင့်ရရှိထားသည်။

ဒေသတွင်းတွင်မူ ဘင်္ဂလားပင်လယ်အော် နိုင်ငံများ အစည်းအဝေးဖြစ်သည့် (BIMSTEC)သို့ တက်ရောက်ခဲ့ကာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် အိန္ဒိယတို့နှင့် တိုက်ရိုက်ဆက်ဆံရေးများ တည်ဆောက်ထားသည်။ စစ်ကောင်စီသည် BRICS ကဲ့သို့သော နိုင်ငံရေး-စီးပွားရေး မဟာမိတ်အဖွဲ့ကြီးထဲသို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေသည်ဟုလည်း သုံးသပ်နိုင်သည်။

စစ်ကောင်စီအနေဖြင့် အခြား ကမ္ဘာ့နိုင်ငံကြီးတခုဖြစ်သော အမေရိကန်နိုင်ငံနှင့်လည်း ပြေလည်မှု ရရှိနိုင်ရန် လော်ဘီကုမ္ပဏီတစ်ခုကို လက်တလော ငှားရမ်းထားကာ ကြိုးစားဆောင်ရွက်နေသေးသည်။ ဒေသတွင်းနိုင်ငံများဖြစ်သည့် စင်္ကာပူ၊မလေးရှား၊တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည်လည်း စစ်ကောင်စီအား ထောက်ခံပေးနေသည့် အခြေအနေတွင်မရှိသော်လည်း မြန်မာနိုင်ငံတွင်းရှိ ရင်းနှီးမြုပ်နှံ့မှုများနှင့် အလုပ်သမားအရေးကိစ္စများသည် စစ်ကောင်စီ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ထောက်ခံနိုင်ရန် ခက်ခဲသည့် အခြေအနေတွင်ရှိနေသည်။ စစ်ကောင်စီ၏ အာဆီယံတွင်း ဖိအားကြောင့် အရှေ့တီမောကဲ့သို့သော စစ်ကောင်စီကို မထောက်ခံလိုသည့် နိုင်ငံများပင် စစ်ကောင်စီနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးစားနေရသည်။

တော်လှန်ရေးအင်အားစုများ၏ နိုင်ငံတကာ ရပ်တည်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို တည်ဆောက်ရာတွင် အခက်အခဲများ ရှိနေသော်လည်း အချို့အောင်မြင်မှုများ ရရှိထားသည်ကို တွေ့ရသည်။ ငလျင်ကိစ္စနှင့့် စပ်လျင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် မလေးရှားဝန်ကြီးချုပ် တိုက်ရိုက်တွေ့ဆုံခွင့်ရရှိခဲ့သည်။ ထို့အပြင် အရှေ့တီမောသမ္မတ၏ ကျန်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံခြားရေးဝန်ကြီး မဇင်မာအောင်အနေဖြင့် တက်ရောက်ခွင့်ရရှိခဲ့သည့်အပြင် အရှေ့တီမောနိုင်ငံ သမ္မတနှင့်လည်း အမေရိကန်နိုင်ငံတွင် တွေ့ဆုံခွင့်ရရှိထားသည်။ ဥရောပနိုင်ငံများတွင် လွတ်တော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ ခိုင်မာသော ထောက်ခံ အားပေးမှုများကိုလည်း ရရှိထားသည်။ ဥရောပနိုင်ငံများထဲတွင် ချက်သမ္မတနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရကို ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးကူညီရန် Burma Act ကို ပြဋ္ဌာန်းထားကာ ထိုအက်ဥပဒေပြဌာန်းနိုင်ရန် ပါတီကြီးနှစ်ခုလုံးကပင် ထောက်ခံအတည်ပြုထားသည်။ ကုလသမဂ္ဂ (UN) တွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၎င်း၏ရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ဆက်လက်တင်ပြနေသည်။ သို့သော်လည်း NUG အနေဖြင့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် တရားဝင်မဟုတ်သော (Informal) ဆက်ဆံရေး များသာ တည်ဆောက်ထားနိုင်သေးသည်ဟု ဆိုသည်။

အနာဂတ် လမ်းကြောင်းနှင့် စိန်ခေါ်မှုများ

မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ကိစ္စသည် မြန်မာ့အရေးကို အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံတကာအလှူငွေများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို လက်ခံရယူခြင်းဖြင့် နိုင်ငံတကာနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခွင့်များ ရရှိခဲ့သည်။ ၎င်းသည် စစ်ကောင်စီ၏ နိုင်ငံရေးအခြေအနေကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

လက်ရှိအခြေအနေကို ခြုံငုံသုံးသပ်ပါက စစ်ကောင်စီသည် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာများကို စနစ်တကျ ချမှတ်ပြီး နိုင်ငံတကာအဆင့်တွင် ၎င်းတို့၏ ရပ်တည်မှုကို ခိုင်မာအောင် ကြိုးစားနေသည်ကို တွေ့ရသည်။ ပြည်သူ့စစ်အင်အား ၇ သောင်းနီးပါးကို လေ့ကျင့်ပေးထားနိုင်ခြင်း၊ ထိန်းချုပ်ထားသော နယ်မြေအများအပြားတွင် တည်ငြိမ်မှု ဖော်ဆောင်နိုင်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းနေခြင်းတို့က ၎င်းတို့၏ ရည်မှန်းချက်များကို ထင်ဟပ်နေသည်။

ဤသည်ကို ထောက်ရှုခြင်းအားဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံခြားရေးမူဝါဒနှင့် ဗျူဟာပိုင်းဆိုင်ရာတွင် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ထင်ရှားသည်။ တော်လှန်ရေးတပ်ဖွဲ့များက နယ်စပ်ဂိတ်များ၊ ရင်းနှီးမြုပ်နှံမှုနေရာ အချို့အား ထိန်းချုပ်ထားသည့်တိုင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ တိုက်ရိုက်ထောက်ခံမှုကို လုံးဝရရှိနိုင်ခြင်း မရှိသေးပေ။

ပြည်သူလူထု၏ ထောက်ခံမှုသည် တော်လှန်ရေး၏ အဓိကမောင်းနှင်အား ဖြစ်သော်လည်း လူထုအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ အပေါ်တွင် မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက်အားငယ်မှုများသည် တဖြည်းဖြည်း ကြီးထွားလာနေသည်ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် အထူးသတိပြုရမည်ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါလျင် တော်လှန်ရေးမှာ ကျဆုံးသွားမည် မဟုတ်ပေ အမျိုးသားညီညွတ်ရေးအစိုးရအား ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်း၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံတခုအား အလျင်အမြန်ပြဌာန်းလိုက်ခြင်းသည်လည်း တော်လှန်ရေးအော်မြင်သွားမည့် အခြေအနေမဟုတ်ပေ။ အတိတ်ကို သင်ခန်းစာယူကာ ရေတိုဖြေရှင်းမှုများထက် ရေရှည်အတွက် ခိုင်မာသော မဟာဗျူဟာများ ချမှတ်ရန် အချိန်တန်ပြီဟု သုံးသပ်နိုင်သည်။

မြန်မာ့အရေးသည် နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်းအားပြိုင်မှုများ ရောယှက်နေသော ရှုပ်ထွေးသည့် ပန်းချီကားတစ်ချပ် ဖြစ်သည်။ ဤအခြေအနေကို ကျော်လွှားရန် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းတိုင်းဖြစ်စေ၊ လက်ရှိအမှန်တရားများကို လက်ခံပြီး ပြည်သူလူထု လွတ်မြောက်ရေးကို အမှန်တကယ် ဦးတည်သည်ရှိ မရှိ ပြန်လည်သုံးသပ်ပြီး ကျောချင်းကပ်ကာ မြန်မာစစ်တပ်ကို ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်ရမည့် အချိန်ပင် ဖြစ်သည်။