စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့၌ မှတ်ပုံတင် လုပ်ဆောင်သည့် ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးဌာန(လ၀က)မှ ဝန်ထမ်းများက ကျပ် ၁၅သိန်းထိ တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သီပေါမြို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက် တအာင်း(ပလောင်)လူမျိုးများနှင့် မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်သူများကို ငွေကြေးအဆမတန်တောင်းခံနေခြင်းလည်းဖြစ်သည်။
“တအာင်းလူမျိုးတင်မဟုတ်ဘူး။ အခြားသူတွေကိုလည်း ဝန်ဆောင်ခအရမ်းတောင်းတယ်။ ဒါပေမဲ့ ကျမသွားလုပ်တဲ့နေ့က မြင်ရသလောက် ပလောင်လူမျိုးတွေဆိုရင် အရမ်းစစ်ဆေးသလို၊ မှတ်ပုံတင်လုပ်တဲ့အချိန်လည်း ဟိုထောက်ခံချက်တွေလိုတယ်။ ဒီဟာလိုတယ်နဲ့ ရက်ရွှေ့ပြီးရစ်တယ်။ အချို့ဆိုရင် နာရီပိုင်းနဲ့ရသွားတယ်။ မှတ်ပုံတင်ရဖို့အရေး ၁၅သိန်းကုန်ခဲ့တယ်။ ကျမတို့က ပြည်သူတွေပါ မဖိနှိပ်ပါနဲ့ ” ဟု သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ခေတ်ကာလာအခြေအနေများကြောင့် ပြည်သူများသည် စီးပွားရေးကျပ်တည်းပြီး ခက်ခဲနေသည့်အတွက် လ၀က ဝန်ထမ်းများအနေဖြင့် ပြည်သူများကို ထပ်မံ လည်ပင်းမညှစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တိုက်ပွဲတွေကြောင့် မှတ်ပုံတင်မလုပ်ရသေးတဲ့ ကလေးတွေအများကြီးရှိတယ်။ အခုတလော မြို့မှာ စစ်တပ်က စစ်ဆေးနေတော့ ရွာကနေ မှတ်ပုံတင်လာလုပ်ချင်တဲ့ ဒေသခံတွေအခက်အခဲဖြစ်တယ်။ ကြားမိသလောက်တော့ ငွေတော်တော်လေးကို တောင်းတင်လို့ကြားတယ်။ ပြီးတော့ စစ်ဆေးမေးမြန်းတာရှိတယ်” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြို့သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ခဲ့ဖူးသည့် မြို့ဖြစ်သောကြောင့် စစ်ကော်မရှင်တပ်များသည် တအာင်းလူမျိုးများကို အဓိကထားကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“ပြောရမယ်ဆိုရင် သူတို့ စစ်ဆေးမေးမြန်းနေတဲ့အချိန် သွားတိုးရင် ပလောင်လူမျိုးတာကို သိတာနဲ့ အကြာကြီးစစ်ခံရတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်တုန်းက ကျမသူငယ်ချင်း ပလောင်လူမျိုးတစ်ယောက် မှတ်ပုံတင်လုပ်တာ ၁၀သိန်းပေးခဲ့ရတယ်။ လောလောဆယ် မြို့ထဲမှာလည်း အခြေအနေမကောင်းဘူး စစ်တပ်က အရမ်းဖမ်းနေတယ်” ဟု နောက်ထပ် မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်က သီပေါမြို့နှင့် ရွာခံရွာမှ ဒေသခံ ၃၅ဦးကို TNLA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခံရသူများရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း သီပေါမြို့ခံ ၁၀ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော်ကို ချိတ်ပိတ်မှုများ ပြုလုပ်ခဲ့သေးသည်။
ယမန်နှစ် ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၂ရက်က သီပေါမြို့ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သော်လည်း တစ်နှစ်အကြာတွင် စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး မြို့တွင်း စစ်ကော်မရှင်၏ ယန္တရားများကိုစတင်လည်ပတ်ခဲ့ကာ ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းနှင့် ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိနေသည်။
