ရှမ်းမြောက် ဆုံးရှုံးနယ်မြေ၏ ၁၁ ရာခိုင်နှုန်းကျော်ကိုသာ စစ်ကော်မရှင် ပြန်သိမ်းနိုင်သေး

ဓာတ်ပုံ-TNLA
ပုံစာ-နောင်ချိုမြို့တွင် အပျက်အစီးများ ရှင်းလင်းနေသည့် TNLAတပ်ဖွဲ့ဝင်များ။(ပုံဟောင်း)

၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆုံးရှုံးခဲ့သော နယ်မြေဧရိယာ၏ ၁၁ ဒဿမ ၃ ရာခိုင်နှုန်းကိုသာ စစ်ကော်မရှင်က ပြန်သိမ်းနိုင်သေးကြောင်း ISP-Myanmar က ထုတ်ပြန်သည်။

၁၀၂၇စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသတွင် နယ်မြေ၅၈ဒဿမ၃ရာခိုင်နှုန်း စစ်ကော်မရှင် ဆုံးရှုံး ခဲ့ကြောင်း ISP-Myanmar က ဆိုသည်။

“စစ်ကော်မရှင် ပြန်သိမ်းနိုင်တဲ့ပမာဏဟာ နည်းသေးပေမဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ မြို့ပြဧရိယာတွေကို ပြန်သိမ်းနေတာ ဖြစ်ပါတယ်။ မြို့တွေကို စစ်ကော်မရှင်က ထိန်းချုပ်ထားပြီး အဲဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေထဲက ကျေးလက်ဒေသအများစု၊ တောင်ကုန်းတောင်တန်း အများစုကိုတော့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေက ဆက်ပြီး ထိန်းချုပ်ထားပါတယ်”ဟု ISP-Myanmar ကဆိုသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်က ပြန်သိမ်းခဲ့ပြီးနောက် မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမ၏ ၄၄ ဒသမ ၄ ရာခိုင်နှုန်းကို စစ်ကော်မရှင်က ပြန် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရ သည်။

“၂၀၂၅ ခုနှစ်၊ ဧပြီလတုန်းက စစ်ကော်မရှင်ဟာ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်အစိုးရရဲ့ အကူအညီနဲ့ ပြန်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ရေးနည်းနဲ့ တိုက်ခိုက်သိမ်းယူဖို့ ထိုးစစ်ဆင်ခဲ့ပါတယ်”ဟု ISP-Myanmar က ဖော်ပြသည်။

၂၀၂၅ ခုနှစ်၊ ဇွန်တွင် TNLAသိမ်းထားသည့် နောင်ချိုမြို့ကို စစ်တပ်က စတင်ထိုးစစ်ဆင်ခဲ့ပြီး ၄၅ ရက် အကြာ၌ ပြန်ရခဲ့ကာ စက်တင် ဘာ ၉ ရက်တွင် ကျောက်မဲမြို့ကို တိုက်ခိုက်ခဲ့ရာ ၂၁ ရက် အကြာမှာ ပြန်သိမ်းနိုင်ခဲ့သည်။ထို့ပြင် အောက် တိုဘာ ၁ ရက်တွင် သီပေါမြို့ကို စတင်တိုက်ခိုက်ပြီး ၁၆ ရက် အကြာမှာ ပြန်ရခဲ့ကြောင်း သိရသည်။

သီပေါမြို့ကို စစ်ကော်မရှင်က ပြန်သိမ်းထားသော်လည်း လားရှိုးကို ချိတ်ဆက်ထားသည့် ပြည်ထောင်စုလမ်းပိုင်းအား MNDAA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

“ရှမ်းမြောက်မှာ စစ်တပ်က ပြန်သိမ်းနိုင်တာ နည်းနေသေးပေမဲ့ TNLAဘက်က အကျဘက်ရောက်နေတာကို ကောင်းကောင်းသိဖို့လိုမယ်။ပြီးတော့ ဘယ်လို ပြန်ဆွဲတင်မလဲဆိုတာ TNLA အနေနဲ့ ကေအိုင်အေ နဲ့ PDF တို့နဲ့ ခေါင်းချင်းဆိုင် အဖြေရှာဖို့ အရေးတကြီးလိုနေပြီ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် TNLAသည် မိုးကုတ်နှင့် မိုးမိတ်တို့မှ ဆုတ်ခွာပြီး စစ်ကော်မရှင်နှင့် အပစ်ရပ်ရန် သဘောတူထားသည်။