DKBA နှင့် ခေါင်းဆောင် ၄ ဦးကို ကျားဖြန့်အွန်လိုင်းငွေလိမ်မှုဖြင့် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့၊ ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့ အမေရိကန် ဖွဲ့စည်း မောင်းတင်

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှင့် ပါဝင်ပတ်သက်မှုဖြင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBAနှင့် ထိပ်တန်း ခေါင်းဆောင်၄ဦးတို့ကို အမေရိ ကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

DKBAတပ်ဖွဲ့နှင့် ခေါင်းဆောင်၄ဦးဖြစ်သည့် စောစတီး၊စိုင်းကျော်လှ၊ စောစိန်ဝင်းနှင့် စောဆန်းအောင် တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ကြောင်း နိုဝင်ဘာ၁၂ရက်က ကြေညာလိုက်သည်။

“မြန်မာမှာလှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုကနေ အမေရိကန်တွေဆီက ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူနေကြတယ်”ဟု အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၊အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းမှု လက်ထောက်အတွင်းဝန် ဂျွန်ကေဟာလီ က ပြောသည်။

DKBA နှင့် ကျားဖြန့် ပူးပေါင်းဆောင်ရွက်နေသော Trans Asia International Holding Group Thailand Company Limited ၊ Troth Star Company Limited နှင့် ထိုင်းနိုင်ငံသား Chamu Sawang တို့ကိုလည်း အမေရိကန်က ပိတ်ဆို့အရေးယူခဲ့သည်။

“ဒီကွန်ရက်တွေက လူမှောင်ခိုရောင်းဝယ်ဖောက်ကားပြီး မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို လောင်စာဖြည့်ပေးနေပါတယ်။ အစိုးရအနေနဲ့ ဒီဆိုက်ဘာရာဇဝတ်ကောင်တွေကို သူတို့ဘယ်နေရာမှာပဲ လှုပ်ရှားနေပါစေ၊ သူတို့ရဲ့ အမြတ်ထုတ်မှုကနေ အမေရိကန်မိသားစုတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန၊ FBI နှင့် Secret Service တို့ပူးပေါင်း၍ လိမ်လည်မှုစင်တာ ကျားဖြန့် တိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းလိုက်ကြောင်းလည်း သိရသည်။

အရှေ့တောင်အာရှတွင် အဓိကအခြေစိုက်သော ကျားဖြန့်ရာဇဝတ်ကောင်များသည် ကြီးမားသော ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများမှတစ်ဆင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာကြကြောင်း အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုလုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားများသည် အနည်းဆုံး ကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး ယခင်နှစ်ထက် ၆၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။