လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများသည် ယခင်သမိုင်းဝင် အရေးအခင်းများထက်ပင် ပိုမိုဆိုးရွားနေပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စိန်ခေါ်လာနေကြောင်း စစ်တပ်ကို ထောက်ခံသူများက တယ်လီဂရမ်ချန်နယ်၌ ရေးသားခဲ့ကြသည်။
အဆိုပါ မှတ်ချက်တွင် လက်ရှိ စစ်တပ်အင်အား နည်းပါးသွားခြင်း ကို မလွှဲမရှောင်သာ ဝန်ခံလိုက်ရပြီး၊ ထိုအခြေအနေကြောင့် ပေါ်ပေါက်လာသည့် ဘေးအန္တရာယ်များကို အလေးပေး ဖော်ပြထားသည်
စစ်တပ်လိုလားသူများ၏ အဓိကသုံးသပ်ချက်မှာ “တပ်က အင်အားနည်း သွားတာနဲ့” ဆိုသည့် စကားကို ဖော်ပြထားပြီး ဤအချက်သည် ၁၀၂၇ စစ်ဆင်ရေးကာလနှင့် အခြားနယ်မြေများတွင် စစ်ကောင်စီ စခန်းများ၊ မြို့များ လျင်မြန်စွာ ဆုံးရှုံးခဲ့ရပြီးနောက် စစ်တပ်၏ စွမ်းရည်အပေါ် မေးခွန်းထုတ်မှုများ ကို သွယ်ဝိုက်ဝန်ခံလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ အားနည်းချက်ကို ထုတ်ဖော်ဝန်ခံလိုက်ခြင်းမှာ ပြဿနာ၏ အရင်းအမြစ်ကို ဖော်ပြရင်း နိုင်ငံအတွက် မည်မျှအန္တရာယ်ကြီးမားသည်ကို စစ်ကော်မရှင်ခေါင်းဆောင်များ အရေးတကြီး ပြန်လည်စဉ်းစားဖြေရှင်းရန် ဖိအားပေးလိုက်ခြင်း လည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
“လော်ဘီတွေအခုလိုပြောလာတာက စစ်တပ်အပေါ် ဖိအားပေးမှုနဲ့ အပြင်က အခြေအနေတွေရဲ့ ပြင်းထန်မှုကို ဝန်ခံလိုက်တဲ့ သက်သေတစ်ခုပဲ။ တစ်ချိန်တည်းမှာပဲ၊ ဒါဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုမှုတွေကို “နိုင်ငံတော်ကို ဖျက်ဆီးမယ့်လုပ်ရပ်” အဖြစ် ပုံဖော်ပြီး ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ကာကွယ်ဖို့အတွက် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး မက်ဆေ့ချ် လည်း ဖြစ်နိုင်တယ်လို့ မြင်တယ် “ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
စစ်တပ်အင်အား ကျဆင်းလာမှုနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ၏ ရည်မှန်းချက်များ ကြီးထွားလာပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စိန်ခေါ်နေသည်ဟု လော်ဘီများက ရေးသားထားသည်။
ထို့ပြင် ပြည်နယ်ရှိပြီးသား အဖွဲ့များ (ကချင်၊ ရခိုင်၊ ကရင်) သည် နိုင်ငံခွဲထွက်ရေး အထိ တောင်းဆိုမှုများရှိသည့်အပြင် ပြည်နယ်မရှိသေးသည့် ၀ နှင့် တအာင်းများက ပြည်နယ်အသစ်အပြင် ကိုယ်ပိုင်အချုပ်အခြာအာဏာကိုပါ ထိပါးလာသည်ဟု လော်ဘီများက ဆိုထားသည်။
” တပ်က အင်အားနည်း သွားတာနဲ့” ဆိုတဲ့ စကားလုံးဟာ အပြင်လောကက သတင်းတွေနဲ့ ကိုက်ညီနေတဲ့ အချက်ပဲ။ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးနဲ့ တခြားနေရာတွေမှာ စစ်ကောင်စီ စခန်းတွေ၊ မြို့တွေကို လျင်မြန်စွာ ဆုံးရှုံးခဲ့တာကြောင့် မြန်မာစစ်တပ်ရဲ့ စွမ်းရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာတာကို သူတို့ကိုယ်တိုင် သွယ်ဝိုက်ဝန်ခံလိုက်တာ ဖြစ်တယ်” စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
ယင်းအပြင် ကိုးကန့်တပ်ဖွဲ့သည် ရမခ (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) နယ်မြေအထိ သိမ်းပိုက်ကာ မန္တလေးအနီးအထိ စစ်ရောက်လာခြင်း သည် တိုင်းပြည်အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးလာခြင်းဖြစ်သည်ဟုလည်း စစ်တပ်လော်ဘီများက ဖော်ပြထားသည်။ MNDAA ၏ လှုပ်ရှားမှုနယ်ပယ် ကျယ်ပြန့်လာခြင်းသည် စစ်တပ်အတွက် အကြီးမားဆုံး စစ်ရေးရှုံးနိမ့်မှုနှင့် ဂုဏ်သိက္ခာ ထိခိုက်မှုတစ်ခုဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။
ဆက်လက်ပြီး လက်ရှိဖြစ်ရပ်များသည် စစ်တပ်က လှိုင်းကြီးလေထန်ဟု ခေါ်ဆိုလေ့ရှိသည့် ၁၉၈၈ ခုနှစ် အရေးအခင်းထက်ပင် များစွာ ပိုမိုဆိုးရွားနေသည်ဟု နှိုင်းယှဉ်ဖော်ပြထားသည်။
ထို့ပြင် စစ်တပ်ကို ထောက်ခံသူများက နိုင်ငံတော်အချုပ်အခြာအာဏာကို စိန်ခေါ်နေသော တိုင်းရင်းသားခေါင်းဆောင်များကို “တိုင်းပြည်အပေါ် သစ္စာမဲ့သူများ” အဖြစ် သမိုင်းတွင် မှတ်တမ်းတင်ရန် တောင်းဆိုလိုက်ခြင်းသည် ၎င်းတို့၏ ရပ်တည်ချက်ကို တရားဝင်မှုမရှိကြောင်း နိုင်ငံရေးအရ တန်ပြန်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟုလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
စစ်တပ်ကို ထောက်ခံသူများ၏ မှတ်ချက်သည် ပြင်ပအခြေအနေများ၏ ပြင်းထန်မှုကို ဝန်ခံလိုက်ခြင်းဖြစ်သော်လည်း၊ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားအဖွဲ့များ၏ ရည်မှန်းချက်များကို “နိုင်ငံတော်ကို ဖျက်ဆီးမည့်လုပ်ရပ်” အဖြစ် ပုံဖော်ကာ ၎င်းတို့၏ မူဝါဒကို ကာကွယ်ရန် ကြိုးပမ်းသည့် နိုင်ငံရေး မက်ဆေ့ချ်လည်း ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
