စာသင်နေသည့်ကလေးများကို စစ်တပ် သတ်နေမှု အမြန်ဆုံးရပ်အောင်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် တောင်းဆို

ဓာတ်ပုံ - ကင်မ်အဲရစ်ဖေ့စ်ဘွတ်ခ်

ကလေးများ စာသင်ကြားနေစဉ် လေကြောင်းတိုက်ခိုက်သတ်ဖြတ်နေသည့် စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ယူနီဆက်နှင့် နိုင်ငံတကာအဖွဲ့များအနေနှင့် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပြီး အမြန်ဆုံးရပ်အောင်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန် လင်းက တောင်းဆိုလိုက်သည်။

စာသင်ကျောင်းများသည် စစ်တပ် တိုက်ခိုက်သတ်ဖြတ်ရာနေရာ ဖြစ်လာပြီး လေကြောင်းတိုက်ခိုက်မှု များကြောင့် အပြစ်မဲ့ ကျောင်းသားအများအပြား သေဆုံး၊ ဒဏ်ရာရရှိနေကြောင်း ထို့ကြောင့် မြန်မာကလေးများကို ကာကွယ်ရန်နှင့်ကလေးများ၏ လုံခြုံရေးနှင့် ပညာသင်ဖို့အခွင့်အရေးရရန် တောင်းဆိုချင်ကြောင်း ကင်မ်အဲရစ်ကဆိုသည်။

“ကလေးတွေဟာ ကျောင်းသွားတဲ့အတွက် အသက်သေဆုံးနေရတယ်။ စစ်အာဏာရှင်က လူတွေနဲ့အတူ နိုင်ငံရဲ့အနာဂတ်ကိုပါ ဖျက်ဆီးနေတယ်။ပညာရေးကို ပြစ်မှုအဖြစ် မသတ်မှတ်သင့်ဘူး။ စာအုပ်ကိုင်ထားတဲ့ကလေးတစ်ဦးဟာ စာသင်ခန်းထဲမှာ မသေသင့်ဘူး”ဟု ၎င်းက ပြောသည်။

ပညာရေးသည် မိမိတို့၏သားသမီးများ အကြောက်တရား ကင်းဝေးပြီး လွတ်လပ်ငြိမ်းချမ်း လူ့ဂုဏ်သိက္ခာရှိစွာ ကြီးပြင်းနိုင်အောင် ပို့ဆောင်သည့်လမ်းဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပြီး ယခုကဲ့သို့ ကလေးများ စာသင်ခန်းထဲ ပညာသင်နေစဉ် လေကြောင်းတိုက်ခိုက်သတ်ဖြတ်ခံရသည်ကို သိပါက နှလုံးကွဲဖွယ်ဖြစ်လိမ့်မည်ဟုလည်း ကင်မ် က ဆိုသည်။

“မေမေရဲ့ဘဝတစ်လျှောက်လုံးမှာ ကလေးတိုင်း ငြိမ်းချမ်းစွာ သင်ကြားခွင့်ရပြီး လွတ်လပ်စွာ စာဖတ်နိုင်တဲ့ နိုင်ငံဖြစ်လာအောင် တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်”ဟုလည်း ၎င်းက ဆက်လက် ပြောသည်။

အားနည်းသည့် အပြစ်မဲ့ကလေးနှင့် လူငယ်များ ကြောက်ရွံ့ခြင်းကင်းပြီး မျှော်လင့်ချက်ရှိသည့် အနာဂတ်အတွက် မားမားမတ်မတ်ရပ်တည်ပေးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဂုဏ်ပြုကြရန်လည်း တိုက်တွန်းထားသည်။

“အိုးတိန်တွင်းရွာတုန်းက ကလေးတွေ စာသင်နေတဲ့အချိန်ကို ရွေးပြီးစာသင်ကျောင်းကို Cluster ဗုံးတွေ ကြဲသွားတယ်ဆိုတာ စစ်တပ် က ကလေးတွေကို သေစေလိုစိတ် ဘယ်လောက်ပြင်းထန် သလဲဆိုတာ သက်သေပဲ”ဟု နယ်စပ်ဒေသအ ခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

မေလ၁၂ရက်၊နံနက်၉နာရီမိနစ်၄၀ခန့်တွင် စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းရွာစာသင် ကျောင်းကို စစ်တပ်က လေကြောင်းမှာ ဗုံးကြဲချခဲ့ရာ ဆရာမ ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပြီး ရာသက်ပန် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူ ကလေး ၁၃ဦး ရှိကြောင်း သိရသည်။

စက်တင်ဘာ၁၂ရက်၊သန်းခေါင်ကျော်အချိန် နံနက်တစ်နာရီခန့်တွင်လည်း ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊သရက်တပင်ရွာရှိ ပညာပန်းခင်းပုဂ္ဂလိကစာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ပေါင်၅၀၀ဗုံး၂လုံးကြဲချခဲ့ရာ ကျောင်းသူ/သား ၂၀ သေဆုံးခဲ့သည်။