မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် မြို့ပေါ်တက် စျေးဝယ်၍မရသည့်အပြင် တစ်ဆင့်သယ်သည့် ပစ္စည်းများမှာလည်း အသိမ်းခံနေကြရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပေါက်မြို့နယ်မြောက်ပိုင်းမှ ဒေသခံများအနေဖြင့် မန္တလေး၊ ပခုက္ကူမြို့ကြီးများသို့ ကိုယ်တိုင်သွားရောက်ကာ စျေးဝယ်ယူ၍ မရဘဲ၊ ကုန်သည်နှင့် ကားသမားများထံမှ တစ်ဆင့်မှာယူသည့် ပစ္စည်းများမှာလည်း သိမ်းဆည်းခံနေရခြင်း ဖြစ်သည်။
“ပခုက္ကူမြို့ပေါ်လည်း တက်လို့မရဘူး။ မနှစ်လောက်တွေကတည်းက ကျတော်တို့ဘက်ကပါလို့ ဆိုရင် ပစ္စည်းသိမ်း၊ ငွေညှစ်တာပဲ။ ဘာပစ္စည်းမှကို အသယ်မခံတာ၊ သယ်ပေးတဲ့ကားတွေကလည်း အာမမခံရဲဘူး။ ဓာတ်ဆီပေပါဆိုလည်း အာမမခံရဲတော့ မသယ်ကြတာ များပါတယ်။ အခုဆို ပေါ်တာဆွဲနေတာများတော့ ဘယ်သူမှကို မသွားရဲကြဘူး” ဟု ပေါက်မြို့နယ်မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ မြို့ကြီးများသို့ သွားရောက်ကာ ကုန်ပစ္စည်းများ ဝယ်ယူ၍ မရသဖြင့် နှစ်ဆနီးပါးစျေးကြီးမားသည့် ဗဟင်းနှင့် သပြေညိုရေနံမှော်များ၌သာ ဝယ်ယူနေကြရကြောင်း ဒေသခံများက ဆိုသည်။
“ရေနံမှော်တွေထဲပဲ စျေးသွားဝယ်ရတာပေါ့။ ကိုယ်တိုင်မလိုက်နိုင်လည်း လိုင်းပေါ်ကနေ မှာရတယ်။ လာပို့ပေးတာကတော့ ကုန်ကျတာ များတယ်၊ လူတော့သက်သာတယ်။ ဒီဘက်က စျေးဆိုင်လေးတွေကလည်း သေးသေးလေးတွေပဲရှိတယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကော်မရှင်တပ်၏ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထားခြင်းခံရသည့် ကျေးရွာများ၏ အမည်ကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်း မရှိပေ။
ထို့ပြင် အရှေ့ဘက်၌ မြိုင်မြို့နယ်မြောက်ပိုင်း၊ အနောက်ဘက်၌ ထီးလင်းမြို့နယ်အရှေ့မြောက်ပိုင်းတို့နှင့် နယ်မြေချင်းထိစပ်နေသည့် အဆိုပါ ပေါက်အနောက်ပိုင်းရှိ ဒေသခံများအနေဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်းရန်ကိုလည်း သတိထားနေထိုင်နေကြရကြောင်း သိရသည်။
“နေ့တိုင်း လေကြောင်းတက်တယ်။ ဒရုန်းတွေ ညတိုင်း ဝဲတယ်။ ပြည်သူလူထုအနေနဲ့ကတော့ အချိန်ပြည့် သတိနဲ့နေနေရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ ပေါက်မြို့နယ်တောင်ပိုင်းတွင်လည်း စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပြီး၊ ပြည်သူ နှစ်သောင်းနီးပါး စစ်ရှောင်နေကြရသည်။
ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ မြို့နယ်တစ်ခုဖြစ်သည်။
