ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အပေါ် ဆိုးရွားသော မှတ်ချက်များကို ပြန်လည်ရုပ်သိမ်းရန် တရုတ် တောင်းဆို

ဓာတ်ပုံ - AFP
ပုံစာ - ဂျပန်ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ

ဂျပန်ဝန်ကြီးချုပ် ဆာနဲ တာကာအီချီအနေဖြင့် ထိုင်ဝမ်နှင့်ပတ်သက်သည့် ဆိုးရွားသော မှတ်ချက်များကို ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် တောင်းဆိုလိုက်ပြီး ပြန်လည်မရုပ်သိမ်းပါက ဂျပန်နိုင်ငံအနေဖြင့် ယင်း မှတ်ချက်များအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်အားလုံးကို တာဝန်ယူရမည်ဟု သတိပေးလိုက်သည်။

ဝန်ကြီးချုပ် တာကာအီချီက ပြီးခဲ့သည့်အပတ်အတွင်း ပါလီမန်၌ တရုတ်နိုင်ငံက ထိုင်ဝမ်ကို တိုက်ခိုက်ခြင်းသည် မိမိတို့၏ရှင်သန်မှုကို ခြိမ်းခြောက်သည့် အခြေအနေ ဖြစ်လာနိုင်ပြီး စစ်ရေးအရ တုံ့ပြန်မှု ဖြစ်ပေါ်လာနိုင်သည်ဟူ၍ပြောကြားခဲ့ရာ ယင်း မှတ်ချက်များကြောင့် တရုတ်အစိုးရနှင့် သံတမန်ရေးရာ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင် ကျန်က ပေကျင်း၌ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တာကာအီချီ၏ မှတ်ချက်များသည် တရုတ်၏ ပြည်တွင်းရေးရာများအား ရိုင်းစိုင်းစွာ ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ကြီးမားစွာ ထိခိုက်စေသည် ဟု ပြောကြားသည်။

လင် ကျန် က “ထိုင်ဝမ် ရေလက်ကြား အခြေအနေမှာ ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ သတ္တိရှိမယ်ဆိုရင် ဒါဟာ ကျူးကျော်မှု မြောက်တဲ့ လုပ်ရပ်ဖြစ်လာမှာဖြစ်ပြီး၊ တရုတ်က ပြတ်ပြတ်သားသား ပြန်လည် ထိုးနှက်တုံ့ပြန်သွားမှာပါ” ဟု ပြောခဲ့သည်။

တရုတ် နိုင်ငံပိုင် ရုပ်သံဌာန CCTV နှင့် ဆက်စပ်နေသော လူမှုမီဒီယာ အကောင့်တစ်ခုမှ နိုဝင်ဘာ ၁၂ရက်နေ့တွင် တင်ခဲ့သည့် စာတွင် တာကာအီချီအား ပြဿနာရှာသူ ဟု ခေါ်ဆိုခဲ့ပြီး ဘောင်ကျော်ပြီး စကားပေါက်တတ်ကရများ ဆက်လက်ပြောဆိုနေပါက တန်ဖိုးတစ်ခုခု ပေးဆပ်ရလိမ့်မည်” ဟု သတိပေးခဲ့သည်။

တာကာအီချီ၏ မှတ်ချက်များနှင့်ပတ်သက်၍ ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတစ်ပုဒ်တွင် အိုဆာကာမြို့ရှိ တရုတ် ကောင်စစ်ဝန်ချုပ် စူကျန်းက ထိုးဝင်ပြီး ညစ်ပတ်နေတဲ့ ဦးခေါင်းကို ဖြတ်တောက်ရမယ်ဟု ရေးသားခဲ့ရာ ၎င်းအား နိုင်ငံတွင်းမှ နှင်ထုတ်ရန် တိုကျိုရှိ အကြီးတန်း နိုင်ငံရေးသမားများက တောင်းဆို ခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမီဆု မိုတေဂီက စူ၏ မှတ်ချက်ကို “ဝမ်းနည်းစရာ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဂျပန်-တရုတ် ဆက်ဆံရေးရဲ့ ကျယ်ပြန့်တဲ့ ဦးတည်ချက်ကို မထိခိုက်စေဖို့အတွက် ဒီလို မဖြစ်အောင် တရုတ်ဘက်က သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဆက်လက် တောင်းဆိုသွားမှာပါ” ဟု မိုတေဂီက ကနေဒါနိုင်ငံ၌ ဗုဒ္ဓဟူးနေ့က ပြုလုပ်သော G7 အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

သို့သော် စူအား နှင်ထုတ်သင့် မသင့်အပေါ် မိုတေဂီက မှတ်ချက်မပေးခဲ့ပေ။