သထုံမြို့ပေါ်တွင် စစ်ကားပေါ်မှ ဆင်းပြေးခဲ့သည့် လူငယ် ၃ ဦး ဘေးကင်းနေရာသို့ ရောက်ပြီ

ဓာတ်ပုံ-Gretting from Myanmar

မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင် စစ်ကားပေါ်မှ ဆင်းပြေးခဲ့သူများအနက် ၃ဦးမှာ ဘေးကင်းလုံခြုံသည့် နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့မှ ပေါ်တာဆွဲခံရပြီး သထုံမြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့် ရေး သင်တန်းကျောင်းသို့ စစ်မှုထမ်းသင်တန်းတက်ရန် ပို့ဆောင်သည့် နိုဝင်ဘာ၁၂ရက်၊ညနေ ၃နာရီ ကျော်တွင် သထုံမြို့၊မင်းလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်၂အရှေ့၌ ကျောင်းလွှတ်ချိန် ကားရှုပ်နေသဖြင့် စစ်ကားရပ်ထားစဉ် လူငယ်၄ဦး ကားပေါ်မှ ဆင်းပြေးကြခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရ သည်။

“၄ယောက်မှာ ၃ယောက်က ဘေးကင်းလုံခြုံတဲ့နေရာရောက်ပြီ။သူတို့ ၃ယောက်က သူငယ်ချင်းတွေ။ မော်လမြိုင်မြို့ပေါ်မှာ အုပ်ကြီးလက်ချက်နဲ့ ပေါ်တာဆွဲခံရတာ။သူတို့၃ယောက်စလုံးက တော်လှန် ရေးထောက်ပို့လုပ်ငန်းဆက်လုပ်သွားမယ်လို့ ပြောတယ်။ကျန်တဲ့တစ်ယောက်နဲ့တော့ အဆက်အ သွယ်မရသေးဘူး”ဟု ဒေသတွင်းPDFရဲဘော်တစ်ဦးက MPAသို့ပြောသည်။

၎င်းတို့၄ဦးကို တင်ဆောင်လာသည့် စစ်ကားသည် ကားနှင့်လူရှုပ်နေသဖြင့် မင်းလမ်းပေါ်တွင် ကား ရပ်ထားရခြင်းဖြစ်သည်။

“သူတို့ရပ်ထားတဲ့နေရာက မင်းတန်းစာသင်ကျောင်းနဲ့ မျက်စောင်းထိုး။အဲနေရာက ကျောင်းလွှတ်ချိန် ဆို ကားရောလူရောရှုပ်တဲ့နေရာ။သူတို့ကိုစောင့်တဲ့ကားပေါ်ကအစောင့်ကလည်း ခပ်ပေါ့ပေါ့ပဲနေနေ တော့ ကားပေါ်က ဆင်းပြေးတာ။လူတွေလည်း ရှုပ်နေလို့ ကားပေါ်ကကောင်တွေလည်း သေချာ မ လိုက်ရဲလို့ လွတ်သွားတာ”ဟု သထုံမြို့၊ဘင်လှိုင်ရပ်ကွက်သားတစ်ဦးက ပြောသည်။

သထုံမြို့သားတို့က ဝိုင်းဝန်းစောင့်ရှောက်ပေးခြင်းကြောင့် လွတ်မြောက်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အားလုံးက ဝိုင်းဆုတောင်းနေကြတာ၊ကလေးတွေ လွတ်ကြပါစေဆိုပြီး”ဟု ၎င်းက ဆက်လက်ပြော သည်။

သထုံမြို့ပေါ်တွင် ညဘက် လမ်းမပေါ်သွားလာသည့်လူငယ်များကို စစ်တပ်က ပေါ်တာဆွဲလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း သိမ်ကုန်းရပ်ကွက်နေ လူငယ်တစ်ဦး ညဘက် ပေါ်တာဆွဲခံရကြောင်း စစ်တပ်က သိန်း၆၀တောင်းရာ မိသားစုဝင်တို့က မပေးနိုင်သဖြင့် ပြန်မလွှတ်ပေးတော့ကြောင်း သိရ သည်။