ထရန့်က ဘီဘီစီကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တရားစွဲမည်ဟုဆို

ဓာတ်ပုံ - AP
ပုံစာ - လန်ဒန်မြို့ ဘီဘီစီရုံးချုပ်အား နိုဝင်ဘာ ၁၂ ရက်က တွေ့မြင်ရစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်၏ မိန့်ခွန်းတစ်ခုအား အဓိပ္ပါယ်လွဲမှားစေရန် တည်းဖြတ်ခဲ့သည့်အတွက် ဘီဘီစီ အသံလွှင့်ဌာနက တောင်းပန်ခဲ့သော်လည်း နစ်နာကြေးပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ထရမ့်က ဘီဘီစီကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၄ ရက်တွင် ပြောကြား သည်။

ထရန့်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များကို “သူတို့ကို ဒေါ်လာ ၁ ဘီလီယံကနေ ၅ ဘီလီယံကြားလောက်နဲ့ တရားစွဲမှာပါ။ နောက်အပတ်လောက်မှာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဒါကိုလုပ်ရမယ်လို့ ထင်တယ်။ သူတို့ လိမ်လည်ခဲ့တာကိုတောင် ဝန်ခံထားပြီးသား” ဟု ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် အမေရိကန် လွှတ်တော် US Capitol အဆောက်အအုံ အဓိကရုဏ်း မဖြစ်ပွားမီက ထရန့်၏ မိန့်ခွန်း ဗီဒီယိုနှင့် ပတ်သက်၍ အသရေဖျက်မှုဖြင့် စွပ်စွဲကာ ဘီဘီစီသို့ နိုဝင်ဘာ ၁၀ ရက်က စာပေးပို့ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား၍ တောင်းပန်ရန်နှင့် လျော်ကြေးပေးရန် သတိပေးခဲ့သည်။

ထရန့်က “ဒီကိစ္စဖြစ်သွားတဲ့အတွက် ဗြိတိန်ပြည်သူတွေ အရမ်းဒေါသထွက်နေကြတယ်၊ ခင်ဗျားတို့ မှန်းဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ဘီဘီစီဟာ သတင်းအတုဖြစ်တယ်ဆိုတာကို ပြနေလို့ပဲ” ဟု နိုဝင်ဘာ ၁၄ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ဘီဘီစီ၏ လွတ်လပ်မှုကို ထောက်ခံထားသော်လည်း ထရန့်ဘက်က မပါဝင်ဘဲ ရှောင်ရှားခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားနှင့် ဘီဘီစီကိစ္စကို ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်က “ကျွန်တော် သူ့ကို ဒီအပတ် စနေ၊ တနင်္ဂနွေမှာ ဖုန်းခေါ်မယ်။ သူကိုယ်တိုင်လည်း ကျွန်တော့်ဆီ ဖုန်းခေါ်ဖို့ ကြိုးစားခဲ့တယ်။ သူ အရမ်းရှက်နေတယ်” ဟု ပြောကြားခဲ့သည်။

ယခုရုပ်သံဗီဒီယိုတည်းဖြတ်တင်ပြမှု ပြဿနာကြောင့် ဘီဘီစီ၏ ညွှန်ကြားရေးမှူးချုပ်နှင့် သတင်းခန်းအကြီးအကဲတို့ကို ရာထူးမှ နုတ်ထွက်ခဲ့သည်။
ဘီဘီစီ၏ ဥက္ကဋ္ဌ ဆမ်မီယာရှာက သူနှင့် အဖွဲ့အစည်းအနေဖြင့် သမ္မတထရန့်၏ မိန့်ခွန်းကို တည်းဖြတ်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ရှင်းလင်းစွာ ဖော်ပြသည့် စာတစ်စောင်ကို အိမ်ဖြူတော်သို့ ပေးပို့ခဲ့သည်။