စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရပြီး ၂ဦးသေဆုံး ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ရက်၊ နံနက် ၈နာရီ ၅၃မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကြေးနီတင်ယာဉ် ၂၃စီးကို လုံခြုံရေးယူပေးသော သံပြားကာ ကား ၆စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 Peoples Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။
” TNT နဲ့အထူးပြုလုပ်ထားသည့် မိုင်းလုံးအကြီးတစ်လုံးပါ။ ကြေးနီ ကားတွေပေါ်မှာလည်း စခ တွေလိုက်ပါလာတယ်ဆိုတော့ သင့်သလို ဆွဲရတာပါ။ အဲ့နေ့က မိုင်းဆွဲတာက အခြားတော်လှန်ရေး အဖွဲ့ တစ်ဖွဲ့ကလည်း ကျနော်တို့နဲ့ မရှေးမနှောင်း အချိန်မှာလည်း ဆွဲကြသေးတာဆိုတော့ စခ နှစ်ကောင်သေတယ်။ ဘယ်အဖွဲ့ဆွဲလို့ ထိတာရယ်လို့တော့ မသိရဘူးဗျ” ဟု Area 71 Peoples Defense Forceအဖွဲ့တာဝန်ခံက MPA သို့ပြောသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်မှုပြီးနောက် လမ်းမပေါ်တွင် လုံခြုံရေးယူပေးထားသည့် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
” စောင့်ကြည့်ချိန်မရဘူးဗျ။ ဘာလို့လည်းဆိုတော့ လမ်းပိုင်း စခ ကင်းပုန်းတွေက တော်တော်များ များ နေရာစုံမှာ ရှိနေတော့ မိုင်းဆွဲပြီး ပြေးခဲ့ကြရတာဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းယာဉ်တန်းသည် မိုင်းဆွဲခံရပြီးနောက် ချောင်းဦးမြို့နယ်အတွင်း အချိန်အတန်ကြာ ရပ်နေ ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးမိုင်းအဖွဲ့၊ Area 71 Peoples Defense Forceနှင့် Golden Peacok Attack Force အဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
