ရေးတွင် စစ်ကြောင်းထိုးလာသောတပ် ရေးဘီလူးလက်ချက်ကြောင့် ၇ ဦး သေဆုံးဟုဆို

ဓာတ်ပုံ-ရေးဘီလူး
ပုံစာ- တိုက်ပွဲဝင် ရေးဘီလူးရဲဘော်များ

မွန်ပြည်နယ် ၊ ရေးမြို့နယ်၊အာယုတောင်မှ ထွက်လာသော စစ်ကြောင်းကို လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးကြောင်း ရေးဘီးလူးတပ်ရင်းထံက သိရသည်။

နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီခန့်တွင် ရေးမြို့နယ် ၊ ရွာကလေးရွာအကျော် ဝယ်ရဟိုင်းချောင်းအနီး၌ အာယုတောင်မှ ထွက်လာသည့် အင်အား ၁၀၀ ပါစစ်ကြောင်းနှင့် ရေးဘီလူးတပ်တို့ ၄၅ မိနစ်ခန့်ကြာ ထိ‌တွေ့ ‌‌တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ကျနော်တို့ဘက်ခြမ်းက လက်ဦးမှုရပြီး အရင်ပစ်ခဲ့တာပါ။ တိုက်ပွဲဖြစ်တော့ သူတို့ဘက်ခြမ်းက ကျဆုံးမှုရှိတယ်။ ကျနော်တို့ အတည်ပြုနိုင်တာတော့ ၇ လောင်း‌လောက်တော့ကျတယ်။ ဒဏ်ရာရ ၃ ယောက်ရှိတယ်။ ဒဏ်ရာရ ၃ ယောက်ကျတော့ သူတို့ရွာကို ပြန်ယူချသွားတယ်။ ကျသွားတဲ့ အလောင်းကိုကျတော့ သူတို့ အဲဒီချောင်းထိပ်မှာပဲ မြှုပ်တယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ဒဏ်ရာရသူ ၃ ဦးကို နိုဝင်ဘာ ၁၄ ရက် နေ့ခင်းပိုင်းတွင် အာယုတောင်ကျေးရွာသို့ စစ်သားများက ပြန်သယ်သွားကြောင်း သိရသည်။

ဇူလိုင် တစ်ရက်၊ နံနက် ၅ နာရီခန့်တွင်လည်း အာယုတောင် ကျေးရွာအခြေစိုက် ခမရ ၃၄၃ မှ စစ်သား ၂၀ ဝန်းကျင်ရှိသည့် စခန်းကုန်းတစ်ခုကို ရေးဘီလူးတပ်ရင်းက သိမ်းပိုက်ခဲ့သေးသည်။

အာယုတောင်ကျေးရွာတွင် ခမရ ၃၄၃ တပ်နှင့် လင်းဦးပြည်သူ့စစ်အဖွဲ့တို့ အခြေစိုက်ထားသည်။

စစ်သားများ၏ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။