တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ထွက်ပြေးလာသည့် စစ်သား ၄ ဦးကို လက်နက်များနှင့် တကွ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂ ရက်၊ နံနက် ၇ နာရီခွဲခန့်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ ထွက်လာသော စစ်ကြောင်းတွင်ပါသည့် ခလရ ၂၈၂ မှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးနှင့် တပ်ကြပ်အဆင့် တစ်ဦးတို့ ထွက်ပြေးခဲ့ကြရာ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအနီး စစ်မြေပြင်၌ KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၂ ၊တပ်ခွဲ ၄ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ထားဝယ်ကနေပြီး စစ်ကြောင်းထိုးလာတာ။သူတို့ထွက်ပြေးလာတာပေါ့။ ထွက်ပြေးတော့ တိုက်ပွဲထဲမှာ ဖမ်းဆီးရမိတာပေါ့။ သူတို့မှာ စမထ စစ်မှုထမ်းက ၃ ဦးပါတယ်။ ပြီးတော့ ဒီတပ်သားက တပ်ကြပ်အဆင့် တစ်ယောက်ပါတယ်”ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစေအယ်နာ က MPA သို့ပြောသည်။
ယင်းတပ်သား ၄ ဦးထံမှ MA 1 သေနတ် ၄ လက် ၊ ကျည် ၁၀၃၀ နှင့် ကျည်ဘောက် ၁၆ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တပ်သား ၄ ဦးကို KNLA ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။
