ထိုင်းအစိုးရက ကမ္ဘောဒီးယား အလုပ်သမားများနေရာတွင် နိုင်ငံတွင်းမှ တိုင်းရင်းသားလူနည်းစု ၂ သိန်းကျော်ကို အစားထိုးရန် စီစဉ်နေ

ဓာတ်ပုံ- Government House
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ရှင်နပ်ဝပ်က ချင်းရိုင်ရှိ တိုင်းရင်းသား လူနည်းစုများအား ထိုင်းနိုင်ငံသား မှတ်ပုံတင်ကတ်များ ပေးအပ်သည့် အခမ်းအနားတွင် တက်ရောက်နေပုံ

ထိုင်းအစိုးရက လုပ်ငန်းခွင်များ၌ လစ်လပ်သွားသည့် ကမ္ဘောဒီးယား နိုင်ငံသားများနေရာတွင် နိုင်ငံတွင်းမှ တိုင်းရင်းသားလူနည်းစု ၂ သိန်းကျော်ဖြင့် အစားထိုးသွားမည်ဟု အလုပ်သမားဝန်ကြီး အကြံပေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဆူရာဒက်တ် ယဆဝတ်က ယနေ့နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားပြီးနောက် ပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယား အလုပ်သမားများ အစားထိုးရေး ဆွေးနွေးပွဲတွင် ပါလန်းဖရာချာရတ် ပါတီ (PPRP) ၏ ဒုတိယခေါင်းဆောင်လည်းဖြစ်သူ ဆူရာဒက်တ် ယဆဝတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုင်းအစိုးရက အလုပ်သမားလိုအပ်ချက်ကို ဖြေရှင်းရန် ပြင်ဆင်ထားသည့် အစီအစဉ် နှစ်ခုအနက် ပထမအချက်မှာ ထိုင်းနိုင်ငံသား မဟုတ်သေးသော်လည်း အလုပ်လုပ်ရန် ဆန္ဒရှိသည့် တောင်ပေါ်ဒေသများတွင် နေထိုင်သော တိုင်းရင်းသား လူနည်းစုများကို ခေါ်ယူရေးဖြစ်သည်။

အဆိုပါ အုပ်စုများတွင် လူဦးရေ ၂ သိန်းကျော် ရှိပြီး၊ ချင်းရိုင်ခရိုင်တွင် ၇၀၀ ခန့် စတင်အလုပ်လုပ်ကိုင်နေပြီဖြစ်သည်။

သို့သော် ၎င်းတို့အနေဖြင့် ဒေသပြင်ပတွင် အလုပ်လုပ်ကိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနထံမှ အလုပ်လုပ်ခွင့် ပါမစ်များ လိုအပ်မည်ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား အလုပ်သမားများသည် ထိုင်းစကားပြောဆိုနိုင်ပြီး အလုပ်ရှင်များနှင့် ဆက်သွယ်ရေး အခက်အခဲ မရှိသောကြောင့် အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ကမ္ဘောဒီးယား အလုပ်သမားများကို အစားထိုးနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ဆူရာဒက်တ်က ပြောကြားသည်။

ဒုတိယ အစီအစဉ်အနေဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လိုသော ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ သို့မဟုတ် ခိုလှုံရာနေရာများတွင် လက်ရှိရှိနေသော အလုပ်သမား ၄၀,၀၀၀ ခန့်ကိုလည်း အလုပ်သမား အစားထိုးအဖြစ် အသုံးပြုနိုင်မည်ဟုဆိုသည်။