စစ်တပ်နှင့် MNDAA စစ်ဆိုင်ထားသည့် နမ့်လန်မြို့၌ ခရီးသည်နှင့် ကားများပိတ်မိနေ

ဓာတ်ပုံ-ပေးပို့
ပုံစာ- နမ့်လန်မြို့တွင် ပိတ်မိနေသည့် ကုန်ကားများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် စစ်ကော်မရှင်တပ်နှင့် MNDAA တပ်တို့ စစ်ဆိုင်ထားမှုကြောင့် ကားများနှင့် ခရီးသည်များ ပိတ်မိနေကာ အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့( နိုဝင်ဘာ ၁၄ရက်)တွင် စစ်တပ်နှင့် MNDAA လားရှိုး–သီပေါ–မိုင်းရယ် လမ်းပိုင်းရှိ သီပေါတံတားကို အပြန်အလှန် ပိတ်ဆို့ထားသည့်အတွက် ကုန်တင်ကားနှင့် ခရီးသည်တင်ကား အစီးရေ ငါးရာကျော် ပိတ်မိနေခြင်းဖြစ်သည်။

“အဓိကကတော့ ကားဆရာနဲ့ ခရီးသည်တွေ ဒုက္ခရောက်တယ်။ ဆောင်းတွင်းကြီးဆိုတော့ ပိုဆိုးတယ်။ သီပေါဘက်မှာ စစ်တပ်က ပိတ်ထားတယ်။ နမ့်လန်ဘက်မှာ MNDAA က ပိတ်ထားတယ်။ ကားသမားနဲ့ ခရီးသည်တွေ ဒုက္ခရောက်တာပေါ့၊ နမ့်လန်ဘက်ကို ပိတ်လိုက်တော့ ကျောက်ဂူဘက်သွားလို့မရတော့ဘူး။ မန္တလေးသွားလို့မရတော့ဘူး။ အရင်တုန်းကလို လာကူတဲ့ ပရဟိတတွေလည်းမရှိဘူး” ဟု နမ့်လန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့အထိ စစ်တပ်နှင့် MNDAA တပ်တို့ အပြန်အလှန်လမ်းပိတ်ဆို့ထားပြီး စစ်ဆိုင်ထားခြင်းကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“အခုက ရှေ့သွားလို့လဲမရ၊ နောက်ဆုတ်လို့လဲမရဖြစ်နေတာ၊ ကားသမားတွေလည်း ဘယ်လမ်းကမှ မောင်းလို့မရဘူး။ အကုန်ပိတ်မိနေတာ၊ ကွင်းလမ်းတွေတောင် ပိတ်ထားတယ်လို့ ပြောတယ်။ ရွာနဲ့ နီးတဲ့သူတွေက စားစရာဝယ်လို့ရပေမဲ့ ရွာနဲ့မနီးတဲ့သူတွေတော့ စားဖို့တောင်မလွယ်ဘူး” ဟု ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ရက်တွင် MNDAA တပ်ဖွဲ့ တပ်စွဲထားသည့် လားရှိုးမြို့နယ်၊ ဟိုဟကျေးရွာမှ တပ်သားများ ဆုတ်ခွာပေးရန် စစ်ကော်မရှင်က တောင်းဆိုမှုကို MNDAA က ငြင်းပယ်ခဲ့ပြီးနောက် နှစ်ဘက် စစ်ရေးတင်းမာလာခြင်းလည်းဖြစ်သည်။

စစ်တပ်က လားရှိုးနှင့် သီပေါ–မိုင်းရယ် လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်ရန် ဆန္ဒရှိနေပြီး စစ်တပ်နှင့် MNDAA တို့ ညှိနှိုင်းမှုများ ရှိနေသည်ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ MNDAA လားရှိုးမှာ တွေ့တယ်လို့ ကြားတယ်။ လာမယ့် ၂၀ ရက်နေ့ နောက်ဆုံးထားပြီး နောက်ဆုတ်ပေးရမယ်လို့ စစ်တပ်က တောင်းဆိုတာ၊ ဘယ်နေရာတွေ ဆုတ်ပေးရမှာလဲဆိုတာတော့ မသိဘူး။ ကိုးကန့်က ဆုတ်ပေးရင်တော့ လမ်းတွေအကြာကြီးမပိတ်လောက်ဘူး။ မဆုတ်ပေးရင်တော့ လမ်းပိတ်တာကြာနိုင်တယ်” ဟု ၎င်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေ ဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ တာမိုးညဲ မြို့နယ်များကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်မှုကြောင့် ၂၀၂၅ခုနှစ် ဧပြီလတွင် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်အား စစ်တပ်ထံ ပြန်လည်ပေးအပ်ခဲ့ရပြီး ကျေးရွာများကို MNDAA က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကော်မရှင်တပ်သည် လားရှိုးမြို့ကို အလုံးစုံ ရရှိခြင်သည့်အပြင် သီပေါ-လားရှိုး ပြည်ထောင်စု လမ်းမကြီးကို အပြည့်အ၀ထိန်းချုပ်လိုသည့်အတွက် တရုတ်အကူအညီဖြင့် MNDAA ကို ဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖိအားပေးမှုများရှိနေသော်လည်း MNDAA တပ်က အခြားနေရာများ လက်မလွှတ်ရရေးအတွက် ပြန်လည်တွန်းလှန်နေသည့်အတွက် စစ်ဆိုင်သည့် အနေအထားများဖြစ်လာခြင်းလည်းဖြစ်သည်။