စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲပြီးနောက် ပစ်ခတ်ခဲ့ရာ ၃ဦးသေဆုံးကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါက်ကုမ္ပဏီမှထွက်လာသည့် ကြေးနီကား ၂၂စီးနှင့် သံပြားကာကား ၈စီးကို နိုဝင်ဘာ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် ပဒေသာမိုင်း ၅လုံးတွဲတစ်ပွိုင့်ဖြင့် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တွဲကားတစ်စီး မိုင်းထိပြီး ခင်မွန်ရွာအနီး၌ ထိုးရပ်သွားသဖြင့် လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA အဖွဲ့က သတင်းထုတ်ပြန်သည်။
” မိုင်းဆွဲပြီးတာနဲ့ လက်နက်ငယ်တွေ ဝိုင်းပစ်တာဗျ။ သူတို့jammer ကားပေါ်ကလည်း ပြန်ပစ်တယ် ဗျ။ ပစ်ရင်းမောင်းသွားတာဗျ” ဟု Brave Heart Army – BHAအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သား ၆ဦးလည်း ဒဏ်ရာရရှိကာ မုံရွာမြို့တွင်းမှ လူနာတင်ယာဉ် ၆စီးဖြင့် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ထဲသို့ သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို ပြည်သူတို့၏ မျက်မြင်တွေ့ရှိမှုအရ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး မိုင်းထိခြင်းကြောင့်လား၊ပစ်ခတ်ခံရခြင်းကြောင့် သေဆုံး၊ဒဏ်ရာရသလားဆိုသည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း Brave Heart Army – BHAအဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” သူတို့ jammer ကားပေါ်က ပြန်ပစ်လို့ ထိတာ။ ကျည်ထိမှန်တာဗျ။ နောက်ကျောဘက်ကို ထိတာဗျ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို BHARE HEART ARMY-BHA၊ CHINDWIN FIGHTER GROUP.CFGနှင့် MONYWA DYNAMITE .STFအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
