မန္တလေးတိုင်း ၊ ပျော်ဘွယ်မြို့နယ်တွင် ဆက်ကြေးကောက် ၊ ပေါ်တာဆွဲနေသည့် အုပ်ချုပ်ရေးမှူး တစ်ဦးကို PDFတို့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ပျော်ဘွယ်မြို့နယ် ၊ တောင်ကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းဝင်း(ခေါ်)သန်းဝင်းကို နတ်မောက် အခြေစိုက် ဂဠုန် PDF က ပစ်ခတ်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်၌ သတင်းထုတ်ပြန်ထားသည်။
“သူက ကျနော်တို့ မြို့သစ် -နတ်မောက်လမ်းကို ကျနော်တို့တွေ စုံစမ်းစစ်ဆေးရေး လုပ်တဲ့ အချိန်မှာ ဖမ်းမိတာပါဗျ”ဟု နတ်မောက် အခြေစိုက် ဂဠုန် PDF တပ်ရင်း ၉၀၃ မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
၎င်းကို ဖမ်းဆီးရမိချိန်၌ ပြည်သူများထံမှ ဆက်ကြေးကောက်ထားသည့် ငွေ ၆၈၀,၀၀၀ ကျပ်နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သောင်းဝင်းကို ဆက်ကြေးကောက် ပေါ်တာဆွဲခြင်းများ မလုပ်ရန် သတိပေးထားသော်လည်း လိုက် နာမှုမရှိသဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဂဠုန် PDF တပ်ရင်း ၉၀၃ က ထုတ်ပြန်ထားသည်။
သောင်းဝင်းသည် ကျေးရွာနေပြည်သူများထံမှ တစ်လလျှင် ကျပ်၃သောင်း ဆက်ကြေးကောက်သည့် အပြင် စစ်တပ်နှင့်ပေါင်းကာ ရွာမှလူငယ်များအား ပေါ်တာဆွဲလေ့ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အကြီးတန်းစာရေး မင်းသူကိုလည်း မြို့သစ်-နတ်မောက်လမ်းပိုင်း၌ ဂဠုန် PDF တပ်ရင်း ၉၀၃ က အရှင်ဖမ်းဆီးမိခဲ့သေးကြောင်း နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားသေးသည်။
