မကွေးထောင်တွင်း နိုင်ကျဉ်းများကို အလုပ်ကြမ်းတင်မက မိလ္လာသန့်ရှင်းရေးအထိ ခိုင်းနေ

ဓာတ်ပုံ - မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်

မကွေးထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းတင်မက မိလ္လာသန့်ရှင်းရေးအထိ ခိုင်းစေနေကြောင်း သိရသည်။

ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ် ထားခြင်းဖြစ်သည်ဟု ဆိုကာ တောင်ယာလုပ်ငန်းအပါအဝင် မြောင်းတူး၊မြောင်းဖော်လုပ်ငန်းများ စဉ်ဆက်မပြတ် ခိုင်းစေနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရသည်။

” မြေတူးတာကအစ အိမ်သာမိလ္လာသန့်ရှင်းလုပ်တာအစပေါ့နော်။ အခြားပင်ပန်းတဲ့အလုပ်တွေ ကအစ ခိုင်းနေတာပေါ့နော်။ ဒီလိုမျိုးဖိနှိပ်မှုတွေကို အဓိကလုပ်ဆောင်နေတာကိုတော့ တွေ့ရတယ်။ ဒါတွေကိုလည်း နိုင်ငံရေးအကျဉ်းသားတွေလည်း ခံနေရတဲ့အခြေအနေတစ်ခုကို ကျနော်တို့ တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီ ဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။

၂၀၂၄ ခုနှစ်မှစ၍ မကွေးထောင် အာဏာပိုင်များနှင့် ၎င်းတို့၏ လက်ကိုင်တုတ်ရာဇဝတ်အကျဉ်းသား များက နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်လာသည်ကို စောင့်ကြည့်မှတ် တမ်း များအရ သိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်သည်။

” ဖိနှိပ်မှုဆိုတဲ့အခါမှာ သူတို့တွေအနေနဲ့ ၂၀၂၅မှာ သိသိသာသာဆိုရင် သေနတ်အစစ်ကို သုံးပြီးမှ ကျည်ဆန်အစစ်ကို သုံးပြီးမှ ပစ်ခတ်ဖြိုခွင်းမှုနဲ့ သတ်ဖြတ် ခဲ့တာတွေ၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြင်ပက PDFတွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ကြောရေးကို အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက် နှိပ်စက်တာမျိုးတွေ ဒါမျိုး တွေရှိပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့အပြင် ထောင်ပြောင်းဖြင့် ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားများကို ထောင်ဗူးဝတွင် ထောင်အာဏာပိုင်တို့က ရာဇ ဝတ်အကျဉ်းသားများအား ရိုက်နှက်ခိုင်းကြောင်း လည်း သိရသည်။

မကွေးထောင်သို့ အကျဉ်းဦးစီးဌာန ညွှန်ကြား‌ရေးမှူးလာချိန်၌ နိုင်ငံရေးအကျဉ်းသား ကိုဟိန်းဝင်းလတ်က ထောင်တွင်းဖိနှိပ်မှုများကို တင်ပြခဲ့ရာ ညွှန်ကြားရေးမှူးပြန်သွားချိန်၌ ထောင်အာဏာပိုင်များက ကိုဟိန်းဝင်းလတ်အား တိုက်ပိတ်ပြစ်ဒဏ် ပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း မကွေးထောင်တွင် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၅ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ထောင်တွင်း ကျဆုံး နိုင်ငံရေးအကျဉ်းသား တစ်ဦးရှိကြောင်းသိရသည်။