တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ်မြို့ မောတောင်သို့သွားရာလမ်း ပေါ်ရှိ သိန်ခွန်းရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက် နံနက်မှစတင်UM တနင်္သာရီတိုင်း၊ မောတောင်မြို့သို့သွားရာ လမ်းပေါ်ရှိ သိန်ခွန်းရွာတွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နံနက် ၉ နာရီခွဲဝန်းကျင်၊ နံနက် ၁၀ နာရီ ၊ မွန်းတည့် ၁၂ နာရီ ၊ မွန်းလွဲ ၁ နာရီ မိနစ်၄၀ မိနစ်နှင့် ညနေ၄ နာရီ တို့တွင်တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သဲဖြူရွာအနီး သို့ လည်း လေကြောင်းမှတစ်ဆင့် စစ်ကူများ ချသွားကြောင်း ဒေသတွင်း စစ်ရေးသ တင်း ရင်းမြစ် ထံက သိရသည်။
“သိန်ခွန်း ခုခံစစ်အနောက် သဲဖြူရွာအနီးကို စစ်ခွေး ၁၀၀ကျော်လောက် ချသွားတယ်။သဲဖြူရွာနားမှာ လေယာဉ်နဲ့ လာချ သွားတာက အဆိုးဆုံးပဲ။ ဘယ်သူမှ မသိလိုက်ချိန် ဟာကွက်တစ်ခု ဖြစ်သွားတယ်။အင်အားဖြည့်တာတော့ မဟုတ်ဘူး။ ကိုယ်ခံစစ်ကို ကျော်ပြီး လာချသွားတာ ဆိုတော့ နည်းနည်း အကျပ်ရိုက်နေတယ်။ပတ်ပတ်လည် ရန်သူပဲ ဖြစ်နေတာ။ ကိုယ်လူလည်း နေရာအနှံ့ပဲ ရှိနေတယ်။ခုက ခံစစ်အနောက် ကို လာချသွားတာ။ သူ့လူလည်း ညှပ်တယ်။ ကိုယ့်လူလည်း ညှပ်တယ်။ဒါပေမဲ့ အင်အားချင်းကတော့ အရမ်းကွာတယ်။ကိုယ့်ဘက်က အင်အားသာလွန်တယ်။လေယာဉ်ကြောင့်တော့ ကိုယ့်လူ ထိခိုက်မရှိသေးဘူး။အမြင့်က ချတော့ ပစ်မှတ်မတည့်ဘူးလေ”ဟု၎င်းက MPA သို့ပြောသည်။
မောတောင်မြို့သို့ သွားရာလမ်းတစ်လျှောက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး ယင်း လမ်း ပြန်လည်ရရှိရန် စစ်တပ်က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ စစ်ကြောင်းများ ထိုးခဲ့သော် လည်း တော်လှန်ရေးတပ်များ၏ သိန်ခွန်းရွာခုခံစစ်ကြောင့် ရှေ့ဆက်မတိုးနိုင်ခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်ကြောင်း သိရသည်။
“သိန်ခွန်းမှာ စစ်ကြောင်းထိုးနေတာ ခုထိဆိုရင် ၁၁ လကျော်နေပြီဗျ။မောတောင်ကို ထိုးစစ်ဆင်နေ တာပေါ့။သိန်ခွန်း မှာ ခံစစ်လုပ်ပြီး ခုခံနေတာ။ အသာစီးရတာမျိုးတော့ တိတိကျကျမဟုတ်ဘူး။ သူတစ်ခါ ကိုယ်တစ်လှည့်ပေါ့လေ။ရန်သူဘက်က လေကြောင်း အသာစီးမှုက တော်လှန်ရေးကို ကောင်းကောင်း ခြိမ်းခြောက်နိုင်နေတာဆိုတော့ ရန်သူဘက်ကပဲ အားသာမှု ရှိတယ်ပြောရမှာပေါ့။ ဒါပေမဲ့၊ နယ်မြေဆုံးရှုံးမှုတော့ တော်လှန်ရေးဘက်က မရှိသေးဘူး။ ခံစစ် ကောင်းကောင်းနဲ့ ပြန်ခုခံ နိုင်သေးလို့”ဟု ၎င်းက ဆက်လက်ပြောသည်။
သိန်ခွန်းရွာနှင့် မောတောင်မြို့သည် မိုင် ၃၀ ကျော်ဝေးပြီး သိန်ခွန်းရွာနှင့် သဲဖြူရွာသည် ၁၁ မိုင်ခန့်ဝေးကာ သဲဖြူရွာနှင့် မောတောင်မြို့သည် မိုင် ၂၀ ကျော်ဝေးသည်။
သိန်ခွန်းနှင့် သဲဖြူရွာသည် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီးမှ ခွဲထွက်ကာ မောတောင်မြို့သို့ သွားရာလမ်းပေါ်ရှိ ရွာများဖြစ်သည်။
မောတောင်မြို့ကို KNLA တပ်မဟာ ၄ မှ တပ်ရင်း ၂၀၃၊တပ်ရင်း ၁၁ ၊ KNDOတပ်ရင်း ၇ ၊ တပ်ရင်း ၁၂၊ BPLA နှင့် FFD တပ်ဖွဲ့တို့က နိုဝင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိခဲ့သည်။
