အတုအယောင် ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေးပါတီသည် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် နိုင်ငံအတွင်း အင်တာနက် ထိန်းချုပ်မှုများကို ဆက်လက်လုပ်ဆောင်ရန် ကြံစည်နေကြောင်း ၄င်းတို့၏ ရွေးကောက်ပွဲ ကြေညာစာတမ်း အရ သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း သိပ္ပံနှင့် နည်းပညာ ကဏ္ဍ တွင် ” အင်တာနက် လုံခြုံရေးနှင့် ပုဂ္ဂလိက ကိုယ်ရေးအချက်အလက် ကာကွယ်ရေးတို့အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်း ဆောင်ရွက်မည်” ဟု ပါရှိသည်။
အဆိုပါ အချက်အရ ကြံ့ခိုင်ရေးပါတီသည် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ၄င်းတို့အာဏာရလာပါက အင်တာနက် ထိန်းချုပ်မှုများကို ဆက်လက်လုပ်ဆောင်မည့် သဘောဖြစ်သည်ဟု ပြည်တွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ထောက်ပြသည်။
” အင်တာနက် လုံခြုံရေး ဆိုတာမျိုးကို လုပ်မယ်ဆိုတော့ သူတို့ အာဏာရလာရင် အခု စစ်တပ် လုပ်နေတဲ့ Firewall ကို ဆက်လုပ်မယ်။ သူတို့ Server ကနေ အကုန်ထိန်းချုပ်မယ် ဆိုတဲ့ သဘောပဲ။ ပုဂ္ဂလိက ကိုယ်ရေးအချက်အလက် ကာကွယ်မယ် ဆိုတာကလည်း သူတို့က ဘယ်လိုကာကွယ်မှာလည်း၊ ဒီလူတွေက ပြည်သူတွေဆီက အချက်အလက်တွေ အကုန်ယူထားပြီး ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြမှာဘဲ” ဟု ၄င်းက ပြောသည်။
ထို့ပြင် ကြံ့ခိုင်ရေး ပါတီသည် စစ်တပ်လုပ်ထားသည့် Facebook( Meta) အစားထိုး My Space app ကိုလည်း ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဟု ကြေညာလာသည်ကို တွေ့ရသည်။
” နိုင်ငံအတွင်း လိုအပ်ချက်များ ဖြေရှင်း ပေးနိုင်သည့် Software နှင့် Application စနစ်များ ဖန်တီးနိုင်ရန် အားပေးဆောင်ရွက်မည်” ဟု ကြံ့ခိုင်ရေး ပါတီ ရွေးကောက်ပွဲကြေညာစာတမ်း၌ ပါရှိသည်။
” တရုတ်မှာလိုဘဲ သူတို့ လုပ်ထားတဲ့ App တွေပဲသုံး၊ သူတို့ ထိန်းချုပ်ထားမယ်။ အစိုးရကို လာမဝေဖန်နဲ့ ဝေဖန်တာတွေလည်း လာမတင်နဲ့ အကုန် ban မယ် အကုန် ထိန်းချုပ်မယ့် ပုံစံပေါ့ဗျာ။ အလွန်အင်မတန်မှကို ကျက်သရေယုတ်တဲ့ ခင်ရီနဲ့ ကြံ့ဖွတ်တွေပါပဲ။ သေပဲ မသေနိုင်ကြပါဘူး” ဟု ရန်ကုန်မြို့နေ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် Facebook အသုံးပြုမှု အပါအဝင် အင်တာနက် အသုံးပြုမှုများအား အာဏာသိမ်း စစ်တပ်က ထိန်းချုပ်နိုင်ရန် ကြိုးစားလျက် ရှိသည်။
အတုအယောင် ရွေးကောက်ပွဲပြီးနောက် ဟန်ပြ အာဏာလွှဲရန် ပြုလုပ်ထားသည့် ကြံ့ခိုင်ရေးပါတီသည်လည်း စစ်တပ်သဘောအတိုင်း အင်တာနက် ထိန်းချုပ်မှုများကို ဆက်လက်ပြုလုပ်ရန် ကြေညာလာခြင်း ဖြစ်သည်။
