ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရသည်။
ယနေ့ ( နိုဝင်ဘာ ၁၆ရက် ) နံနက် ၉နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာရှိ မင်္ဂလာဆောင်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
” အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အသက် ၃၀ ဝန်းကျင်ပါ။ အမျိုးသား၂ဦး ဒဏ်ရာရပါတယ်။ တစ်ယောက်က ဒဏ်ရာ ပြင်းထန်တယ်။ အသက် ၄၀ ကျော်တွေချည်းပဲ။ ဗုံးသီးအမျိုးအစားတော့ အတတ်မသိဘူး။ မင်္ဂလာဆောင်ဆိုတော့ လူစုလူဝေးဖြစ်နေတာ။ အခြေအနေရှုပ်ထွေးနေတယ်။ သေဆုံးတဲ့လူတွေက မင်္ဂလာဆောင်လာတဲ့သူတွေလို့တော့ အရင်သိရတယ်။ ဘယ်ရွာတွေကလဲ၊ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူး။ ပြေးကြပြုကြနဲ့ ရှုပ်နေလို့ ” ဟု ပေါက်ခေါင်းမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။
ဗုံးကြဲအပြီးတွင် ကြို့ပင်ဝိုင်းရွာနှင့် ၅မိုင်ခန့်အကွာရှိ ချောင်းကောင်းရွာအခြေစိုက် စစ်တပ်က ယင်းမင်္ဂလာဆောင်ကို လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
” လက်နက်ကြီးရော၊ ဗုံးရောက မင်္ဂလာဆောင်အိမ်နဲ့ သူတို့ခေါင်းရင်းအိမ်ကို ကျတာ။ အိမ် ၂အိမ်စလုံး ပျက်စီးသွားတယ်။ စစ်ကြောင်းထိုးလာလို့ လောလောဆယ် စစ်ရှောင်နေရတဲ့အ ခြေအနေပါ။ ချောင်းကောင်းရွာဘက်က ထိုးလာတာ ” ဟု ၎င်းကဆက်လက်ပြောသည်။
ကြို့ပင်ဝိုင်းရွာသည် ပေါက်ခေါင်းမြို့နှင့် ၁၂မိုင်ခန့်အကွာနှင့် ပေါင်းတလည်မြို့နှင့် ၆မိုင်ခန့်အကွာတွင် တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃၀၀၀ ဝန်းကျင် နေထိုင်ကြသည်။
