မြေရှားသတ္တုရရှိရေးအတွက် တရုတ်နိုင်ငံနှင့် သဘောတူညီချက်ကို နိုဝင်ဘာလကုန် မတိုင်မီ အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်စန့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါယာယီသဘောတူညီချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တောင်ကိုရီးယားတွင် အောက်တိုဘာလနှောင်းပိုင်းက တွေ့ဆုံစဉ် ရရှိခဲ့ခြင်းဖြစ်ပြီး၊ အခြားအရေးပါသော သတ္တုဓာတ်များ (Critical Minerals) အပေါ် ချမှတ်ထားသော ပို့ကုန်ကန့်သတ်ချက်အချို့ကို တရုတ်က တစ်နှစ်ကြာ ဆိုင်းငံ့ရန် သဘောတူခဲ့သည်။
မြေရှားသတ္တုများကို တူးဖော်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသည် လွှမ်းမိုးထားပြီး ၎င်းသတ္တုများသည် မော်တော်ကား၊ အီလက်ထရွန်နစ်နှင့် ကာကွယ်ရေးစသည့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ရှုပ်ထွေးသောအီလက်ထရွန်နစ်အစိတ်အပိုင်းများအတွက် မရှိမဖြစ် လိုအပ်ပါသည်။
“ကျွန်တော်တို့ အဲဒီသဘောတူညီချက်ကို အခုထိ အပြီးသတ်နိုင်ခြင်းမရှိသေးပါဘူး၊ ဒါပေမယ့် နိုဝင်ဘာ ၂၇ ရက်နေ့မှာကျရောက်မယ့် ကျေးဇူးတော်နေ့ (Thanksgiving) မတိုင်ခင် ပြီးမြောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဘက်စန့်က Fox News ၏ Sunday Morning Futures အစီအစဉ်တွင် ပြောကြားခဲ့သည်။
“ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ သမ္မတထရန့်နဲ့ သမ္မတရှီတို့ ကိုရီးယားမှာ တွေ့ဆုံခဲ့ပြီးနောက်မှာ တရုတ်အနေနဲ့ သူတို့ရဲ့ သဘောတူညီချက်တွေကို ဂုဏ်ယူစွာ လိုက်နာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ဘက်စန့်ကဆိုသည်။
သို့သော် တရုတ်အစိုးရက သဘောတူညီချက်ကို ဖောက်ဖျက်မည်ဆိုပါက အမေရိကန်တွင် ပြန်လည်လက်တုံ့ပြန်ရန် “ဖိအားပေးနိုင်သည့် နည်းလမ်းများစွာ” ရှိကြောင်းလည်း ဘက်စန့်က သတိပေးခဲ့ သည်။
ထရန့်နှင့်ရှီတို့ ရရှိခဲ့သော သဘောတူညီချက်အရ အမေရိကန်သည် တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုကို လျှော့ချပေးမည်ဖြစ်ပြီး၊ တရုတ်ကလည်း ၂၀၂၅ ခုနှစ်ကုန်တွင် အမေရိကန်ပဲပိစပ် အနည်းဆုံး မက်ထရစ်တန် ၁၂ သန်းနှင့် ၂၀၂၆ ခုနှစ်တွင် မက်ထရစ်တန် ၂၅ သန်း ဝယ်ယူသွားမည်ဖြစ်သည်။
ဘက်စန့်သည် စစ်တပ်နှင့် ဆက်စပ်မှုရှိသည့် အမေရိကန်ကုမ္ပဏီများအတွက် ရှားပါးမြေဓာတ်များ ရယူခွင့်ကို တရုတ်အရာရှိများက ကန့်သတ်ရန် စီစဉ်နေသည်ဟု ဖော်ပြထားသော Wall Street Journal သတင်းကိုလည်း ငြင်းဆိုထားသည်။
