ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ပြည်ခိုင်ဖြိုးပါတီရုံးစောင့် စစ်အုပ်စုဝင်များကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၄ဦး ဒဏ်ရာရရှိကြောင်းသိရသည်။
နိုဝင်ဘာ ၁၆ရက်၊ ည ၁၀နာရီခန့်တွင် မှော်ဘီမြို့၊ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့၌ ဂိတ်စောင့်နေသည့် စစ်အုပ်စုဝင်များကို လက်လုပ်ဗုံး ၂လုံး၊ လက်ပစ်ဗုံးအစစ် ၃လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရသည်။
” ဂိတ်ထဲမှာတော့ ပြည်သူ့စစ်နဲ့စခ ၆ယောက်လောက်ရှိတယ်။ စခ၂ ၊ ပြည်သူ့စစ်၂ ထိခိုက်တယ်လို့သ တင်းရပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဒဏ်ရာရ ပြည်သူ့စစ်၂ဦးမှာ သေဆုံးနိုင်ခြေရှိကြောင်း ယနေ့(နိုဝင်ဘာ၁၇ရက်)နံနက်ပိုင်း၌ ထပ်မံသ တင်းရသည်ဟုဆိုသည်။
ယင်းသို့တိုက်ခိုက်စဉ် စစ်အုပ်စုဝင်များဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု များပြုလုပ်ခဲ့ကြောင်းသိရသည်။
” ဖောက်ခွဲမှုပြီးတော့ရမ်းပစ်တယ်။ နောက်တော့မီးဖြတ်လိုက်ပြီး လမ်းပေါ်မှာကားတွေ ပိတ်စစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပြည်သူများအနေဖြင့် တိကျသည့် သတင်းအချက်အလက်များ ပေးပို့ခြင်းဖြင့် အနိုင်ကျင့်ဖိနှိပ်မှုများကို တွန်းလှန်တိုက်ခိုက်ကာ သတင်းထောက်ပို့ရဲဘော်အဖြစ် ပါဝင်အားဖြည့်ပေးကြရန်လည်း မြို့ပြကြွက်က မေတ္တာရပ်ခံထားသည်။
စစ်အုပ်စုဝင်များ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
