ရန်ကုန်တွင် အသက်၂၀ ကျော်အရွယ် မြို့ပြပျောက်ကျားနှစ်ဦး မစ်ရှင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရ

ဓာတ်ပုံ - MPA

ရန်ကုန်တွင် အသက်၂၀ကျော်အရွယ်ရှိ မြို့ပြပျောက်ကျား ရဲဘော်နှစ်ဦး မစ်ရှင်ပြုလုပ်မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်မြို့ တစ်နေရာ၌ Yangon UG People Army အဖွဲ့ဝင် ရဲဘော်နှစ်ဦးသည် မစ်ရှင်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ သွားယူပြီး အပြန်၌ စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

” အခုအချိန်ထိ ဖုန်းပိတ် ထားတာရယ်၊ မြေပြင်စကောက်သတင်းတွေရယ်ကြောင့် အဆွဲခံရတယ်ဆိုတာသေချာသွားပါတယ်။ ဘယ်မြို့နယ်မှာ ပါသွားတယ်ဆိုတာတော့ သိရပါတယ်။ ပါသွားတဲ့ရဲဘော်တွေအတွက် မပြောတာပါ” ဟု Yangon UG People Army – YUPA တာဝန်ခံ ဂျိုးက MPA ကို ပြောသည်။

ဖမ်းဆီးခံရသည့် ရဲဘော် နှစ်ဦးမှာ ရဲဘော် K စည်နှင့် ရဲဘော်မိုးလေးတို့ ဖြစ်ပြီး မည့်သည့်နေရာသို့ စစ်တပ်က ဖမ်းဆီးသွားသည်ကို မသိရသေးပေ။

ရဲဘော်နှစ်ဦး ဖမ်းဆီးခံရမှုကြောင့် ယင်းအဖွဲ့မှ ရဲဘော်များလည်း အရေးပေါ်နေရာ ရွှေ့ပြောင်းခဲ့ရပြီး ဖမ်းဆီးခံရဲဘော်နှစ်ဦးနှင့် အဆက်အသွယ်ရှိသူများလည်း သတိပြုကြရန် YUPA က သတိပေးထားသည်။

” Safe house တွေကိုရွှေ့ပြီးပြီပဲပြောရမှာပေါ့ခင်ဗျာ။ အဖွဲ့ကိုတော့ ပြန်လည်ရပ်တည်နိုင်ဖို့ အစကနေပြန်စီစဥ်ရမှာ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့များအနေဖြင့် ထောက်ပို့ပြတ်တောက်ခြင်းကြောင့် မစ်ရှင်ပြုလုပ်ရန် အခက်အခဲများ မကြာခဏရင်ဆိုင်နေရကြကြောင်းလည်း သိရသည်။