ပေါ်တာဆွဲခံရသည့်အမျိုးသား ၄ ဦး ကျွန်းလှအချုပ်ထောင် ဖောက်ပြီးနောက် ငှက်ပျောသီးမီးဖုတ်စားကာ ၃ ညလမ်းလျှောက်ခဲ့ပြီးမှ တော်လှန်ရေးတပ်များထံ ရောက်ရှိ လွတ်မြောက်လာကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်း ကန့်ဘလူမြို့နယ် ဘူးကုန်းစစ်တပ်အထိုင်ဂိတ်တွင် ပေါ်တာဆွဲခံရပြီး ကျွန်းလှအချုပ်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည့် အမျိုးသားများအနက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ဦးဆောင်ကာ ၄ ဦးသည် နိုဝင်ဘာ ၁၀ ရက်၊ ည ၁၁ နာရီခွဲခန့်၌ အချုပ်ထောင်ဖောက်၍ ၃ ညတိုင်တိုင် ဖိနပ်မပါဘဲ လမ်းလျှောက်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က နိုဝင်ဘာ ၁၆ ရက်ည ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်း အရ သိရသည်။
ပေါ်တာဆွဲခံရသည့်ထဲတွင် ရေစကြိုမြို့နယ် နေ အသက် ၁၉ နှစ်အရွယ် အမျိုးသားလည်းပါဝင်ပြီး မြစ်ကြီးနားရှိ ငှက်ပျောခြံတွင် အလုပ်လုပ်ရန် ရေစကြိုမှ Light Truck ကား ၃ စီးနှင့်ထွက်လာရာ နိုဝင်ဘာ ၂ ရက်၌ ဘူးကုန်းဂိတ်တွင် ကား ၂ စီး ပါ အမျိုးသား ၁၃ ဦး ပေါ်တာဆွဲခံလိုက်ရကာ နိုဝင်ဘာ ၃ ရက် နံနက်တွင် ကျွန်းလှ အချုပ်ထောင်သို့ပို့ဆောင်ခံခဲ့ရကြောင်း ၊ အချုပ်ထောင်တွင်းသို့ စစ်ဗိုလ်တစ်ဦး တစ်ရက်ခြားတစ်ခါ ရောက်လာကာ စစ်တပ်၏ စွမ်းဆောင်ရည်များနှင့် PDF ထံသို့ ရောက်ပါက ဖမ်းပြီး သတ်ဖြတ်ခံရနိုင်ကြောင်း ပြောဆိုစည်းရုံးလေ့ရှိကြောင်း သိရသည်။
“ကျနော်က ဒီလိုကြီးတော့ဘယ်လိုမှ မနေနိုင်ဘူး ဆုံးဖြတ်ထားတာ။ ရောက်တဲ့နေ့ ညကတည်းက သံဆူးကြိုးက အပြားလေး ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်းအောက်ခင်းပြင်ကို တိုက်ဖြတ်နေတာ။ မရနိုင်တော့ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပျဉ် ၃ ပြားကို ၈ ရက် တိုက်ဖြတ်ခဲ့ရတာ။၁၀ ရက်နေ့ ည ၁၁ ခွဲမှာထွက်ပြေးခဲ့ကြတာ။ ကျန်တဲ့သူ တွေကိုနှိုးတယ်၊ နှိုးမရဘူး။ ကျနော်တို့ ၄ ယောက်က အဲ့ညနေထမင်းပဲစားတာ ဟင်းမစားဘူး၊ မထနိုင်မှာမို့။ ထွက်ပြေးရတာဖိနပ်မပါ၊ ဓာတ်မီးမပါ၊ကိုယ့်ဒေသမဟုတ်တော့ လမ်းမကျွမ်းဘူး”ဟု ဦးဆောင်ထွက်ပြေးလာသည့် ၁၉ နှစ်အရွယ် အမျိုးသားက ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူ ၄ ဦးသည် ဖမ်းဆီးခံရသည့် ရက်များ မတူကြကြောင်းနှင့် အချုပ်ထောင်တွင်းရှိနေစဉ် စားရသည့် အစားအစာများ၌ ဆေး ခတ်ထားကြောင်းလည်း သိရသည်။
“အိမ်သာရေ၊သောက်ရေ၊ချိုးရေကအတူတူပဲ။ထမင်းကလည်း မသေရုံကျွေးတာ။ထမင်းဟင်း တွေထဲ ဆေးခတ်တယ်ထင်တယ်။ စားပြီးရင် မူးပြီး ပျော့ခွေနေတာ။အိပ်ပဲအိပ်နေရတာ လူစေ့အကုန် ဖြစ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအင်အား လိုအပ်ချက်အတွက် ကန့်ဘလူမြို့နယ်အတွင်း အခြေပြုကာ ပျူစောထီးခေါင်းဆောင် ဝါသဝ ဦးဆောင်၍ ပေါ်တာဆွဲနေသဖြင့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ဂိတ်များနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ဂိတ်များ အားလုံးသို့ ဖြတ်သန်းသွားလာရာ၌ အထူးဂရုပြုရန်လိုကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရသည်။
“အခု ထွက်ပြေး လွတ်မြောက်လာတဲ့ သူတွေကိုတော့ သူတို့မိသားစုတွေဆီ ချိတ်ဆက်ပို့ဆောင်ထား ပါတယ်ဗျ။ တချို့ကျတော့လည်း ချိတ်ဆက်မှုအားနည်းကြတာ မီဒီယာတွေရဲ့ သတင်းတွေလည်း လိုင်းအခက်အခဲတွေကြောင့် မသိကြဘူးပေါ့နော်။အခု မေးတဲ့ကလေးတွေဆိုလည်း သူတို့လုံးဝမသိ ကြဘူးပေါ့။ ဒီဘက်ကြောမှာ ဒီလိုဖြစ်နေတဲ့ကိစ္စတွေကို မကြားကြဘူးဆိုတော့ စစ်ကောင်စီ အနေနဲ့ ကတော့ သတင်းအမှောင်ဖုံးတာ ထိရောက်တယ်ပေါ့နော်။ ဖုန်းလိုင်းမရ၊ အင်တာနက်လိုင်းမရတော့ လေ။ စီးပွားရေးကျပ်တည်းတဲ့အခါလည်းဖြစ်လာတော့ သွားလာပြီး လုပ်စားရတဲ့အနေထားမျိုးမှာ အသက်ဘေးနဲ့လည်း ကြုံရတဲ့အနေထားပါ”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကြောတွင် ရေကြည်ဦး ၊ ကျီကျင်း ၊ ဘူးကုန်း ၊ ဇီးကုန်း-မလယ်လမ်းဆုံ ၊ ယမနေ ၊ ငှက်ပျောတိုင်း ၊ စံပယ်နံ့သာဂိတ် နှင့် ဇင်းဂိတ်တို့ရှိပြီး ပေါ်တာအဆွဲကြမ်းသည်ဟုလည်း နာမည်ကြီးကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ဂိတ်များ၌ ပေါ်တာဆွဲခံရသည့် ပြည်သူများကို ကျွန်းလှအချုပ်ထောင်တွင် ယာယီထိန်းသိမ်းပြီးနောက် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်တွင် စစ်သင်တန်းတက်ခိုင်းကြောင်းလည်း သိရသည်။
အောက်တိုဘာ ၁၆ ရက်၊ နံနက် ၉ နာရီခန့်တွင်လည်း တန့်ဆည်မြို့နယ်သို့ ကထိန်ခင်းရန် သွားသည့် လင်မယား ၂ ဦးကို ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာရွာ ပျူစောထီး အထိုင်စခန်း၌ ဖမ်းဆီးခဲ့ပြီး အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ အမျိုးသားမှာ လွတ်မြောက်လာခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသေးသည်။
