မန္တလေးတိုင်း တောင်သာတွင် စစ်တပ်က ရွာမီးရှို့ခဲ့ခြင်းမရှိဘဲ လိမ်လည်ဝါဒဖြန့်ခံရခြင်းသာဖြစ်ဟုဆိုသည် အကြောင်းအရာ စစ်ကော်မရှင် ထောက်ခံသော ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Ka Ka Han” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီ ၁၃ မိနစ်တွင် တောင်သာမြို့ နယ်ထဲတွင် စစ်တပ်က ရွာမီးရှို့မှုများ မရှိခဲ့ကြောင်း၊ ပြည်သူများ သတင်းပေးပို့ချက်အရ PDF စခန်းများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူ၍ မီဒီယာများက မဟုတ်မမှန် ဝါဒ ဖြန့်မှုသာ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “ရွှေဘ ၊ ရွှေနေကြာ” အပြင် အခြား စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန် နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/B2JbF
ရွှေဘ – https://archive.ph/q0EV1
ရွှေနေကြာ – https://archive.ph/UvUjN
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “တောင်သာမြို့နယ် စစ်တပ် ရွာမီးရှို့” ဟု ရေးသား ရှာဖွေရာ “DVB, Myanmar Now, People’s Spring” အပါအဝင် အခြား မီဒီယာ များက သတင်းရေးထားသည်။
DVB တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲသို့ နိုဝင်ဘာ ၉ ရက် ကတည်းက စတင်ဝင်ရောက်ခဲ့သည့် စစ်တပ် စစ်ကြောင်းများသည် ကျေးရွာများအတွင် ဝင်ရောက်ခဲ့ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ တောင်သာမြို့နယ်ထဲရှိ ဘိန်းနွယ်ကုန်း၊ တမန်ကြီး၊ မြေဖြူကုန်း နှင့် ဆည်ကုန်းရွာရှိ အိမ်များ မီးရှို့ ခံခဲ့ရကြောင်း၊ ရွာခံ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန်>>> https://bitly.cx/eWWoE
Myanmar Now တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က မြင်းခြံမြို့အနီးမှ ထွက်လာသည့် အင်အား ၂၀၀ စီ ပါသည့် စစ်တပ် စစ်ကြောင်းနှစ်ခု သည် တောင်သာမြို့နယ်ထဲရှိ တမန်ကြီး၊ မြေဖြူကုန်း၊ ဆည်ကုန်း နှင့် ဘိန်းနွယ်ကုန်းရွာ များကို စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့ကြောင်း၊ စစ်ကြောင်းများသည် ထိုရွာများတွင် တပ်စွဲ နေရာယူထားကြောင်း၊ စစ်ကြောင်းများ ဆက်လက်ရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးသည့် အိမ်ခြေအရေအတွက် မသိရသေးကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/qxLD7
People’s Spring တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး မှုကြောင့် ကျေးရွာ ၁၀ ရွာထက် မနည်းက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တောင်သာမြို့ အရှေ့တောင်ဘက်ခြမ်း မိတ္ထီလာ-မြင်းခြံလမ်းပိုင်း အနီးတဝိုက်ရှိ ရွာများမှာ စစ်ကြောင်းထိုးခံခဲ့ရကြောင်း၊ ဒေသခံ ပြည်သူ ၄,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကြောင်းများသည် ရွာများတွင် အထိုင်ချပြီး နေအိမ်များကို မီးရှို့ထားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/LgNtQ
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုးပြီး ရွာမီးရှို့ခဲ့ကြကြောင်း ဖော်ပြထားကြသည်။
ကျေးရွာ လေးရွာ မီးရှို့ခံခဲ့ရပြီး ဒေသခံ အရပ်သား ၄,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ တောင်သာမြို့နယ်ထဲတွင် စစ်တပ်က ရွာမီးရှို့ခဲ့ခြင်း မရှိ” ဟု ဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
