မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေပင်ရွာကို စစ်တပ်က မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် တရွာလုံးနီးပါးပြာကျခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ရက်၊ မွန်းလွဲ ၃နာရီ ကျော်တွင် ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ ရွှေပင်ရွာကို ကျောမြို့အခြေစိုက် ကပစ ၂၃ မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဂန့်ဂေါမြို့နယ် သတင်းရင်းမြစ်ထံက သိရသည်။
” ဘုန်းကြီးကျောင်းက ရွာကိုရှို့တော့ ပါသွားပုံရသလို PDF တွေခိုလှုံနိုင်တယ်ဆိုပြီး တမင်ရှို့သွားတာက ပိုဖြစ်နိုင်ပါတယ်။ ကျောင်းက အတိအကျတော့မသိရဘူး။ ပျဥ်၊သစ်နဲ့ ဆောက်ထားတဲ့ကျောင်းဖြစ်နိုင်ပါတယ်။ ဘာလို့ဆို အဲ့ဒီနေရာကသစ်ပေါပါတယ် ” ဟု ၎င်းက MPA ကို ပြောသည်။
ရွှေပင်ရွာသည် အိမ်ခြေ ၆၀ ခန့်ရှိပြီး လူနေအိမ် ၆ လုံးသာ မီးမလောင်ဘဲ ကျန်ခဲ့ကြောင်း သိရသည်။
” ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးတွေရှိပါသေးတယ်။ ဘယ်နှစ်ပါး သီတင်းသုံးလဲတော့ သေချာမသိဘူးဗျ။ စစ်ကြောင်းက ရွာအနီးအနားမှာ ရှိသေးတော့ ဘုန်းကြီးတွေရော၊ ပြည်သူတွေပါ ရွာလုံးကျွတ်ပြေးနေရတယ်။ လူဦးရေ ၃၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ၎င်းကဆက်လက် ပြောသည် ။
နိုဝင်ဘာ ၁၅ရက် နံနက်ပိုင်းတွင် ယင်းရွာအနီး၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ကျောမြို့သည် ပုံတောင်ပုံညာတောင်တန်းကြားတွင် တည်ရှိပြီး စစ်တပ်၏ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ ၂၃ ) လည်း တည်ရှိသည်။
