ရာဇဝတ်သား မင်းအောင်လှိုင်နှင့်အပြိုင် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF က လည်း ကျားဖြန့်များကို လုံးဝအပြတ်နှိမ်နင်းတော့မည်ဟု ပြောလာပြန်သည်။
မင်းအောင်လှိုင်က မော်လမြိုင်နှင့် ဘားအံတွင် ကျားဖြန့်တို့ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောကြား ပြီးနောက် BGF/KNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကလည်း ထိုင်းမီဒီယာအချို့နှင့် ယနေ့(နိုဝင်ဘာ၁၇ရက်) တွေ့ဆုံစဉ် အမေရိကန်ဖိအားကြောင့်မဟုတ်ဘဲ ကျားဖြန့်တို့ကို အပြတ်နှိမ်နင်းတော့မည်ဟု ဆိုသည်။
“ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ကျနော်တို့ နိုင်ငံမှာ လုံးဝပပျောက်အောင် လုပ်ရမယ့်အချိန်ရောက်ပြီ။ နောက်ထပ်ဆိုတာမျိုး မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
ရွှေကုက္ကိုလ်နှင့်ပတ်ဝန်းကျင်တို့၌ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူ ၂၀၀၀ ကျော်ရှိကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်ကို BGFခေါင်းဆောင် စောချစ်သူနှင့် ပူးတွဲတည်ထောင်သူ ကျားဖြန့်ခေါင်းဆောင် ရှီကျင့်ကျန်းအား ထိုင်းအစိုးရက တရုတ်အစိုးရထံသို့ နိုဝင်ဘာ၁၂ရက်မှာ လွှဲအပ်ခဲ့သလို ယင်းနေ့တွင် ပင် အမေရိကန်အစိုးရက ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီးနောက် မင်းအောင်လှိုင်ရော BGF ပါ ကျားဖြန့်နှိမ်နင်းတော့မည်ဟု ပြောလာခြင်းဖြစ်သည်။
နိုင်ငံတကာဖိအားများ သက်ရောက်မှုရှိလာတိုင်း BGF တို့က ကျားဖြန့်နှိမ်နင်းမည်ဟု ပြောကြား လေ့ရှိသည်။
နိုဝင်ဘာ၁၆ရက်တွင် မင်းအောင်လှိုင် မော်လမြိုင်ရောက်ရှိစဉ် ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းမည် ဟု ပြောကြားခဲ့သလို နိုဝင်ဘာ၁၅ရက်၊ဘားအံသို့ ရောက်ရှိစဉ်ကလည်း KK Park နေရာကို အမျိုး သားရေးတာဝန်တစ်ရပ်အနေနှင့် အပြီးအပြတ် ရှင်းလင်းသွားမည်ဟု ပြောကြားခဲ့သည်။
