ရွှေကုက္ကိုလ်ကျားဖြန့်တို့ ဝရုန်းသုန်းကား ထွက်ပြေးကြပြန်

ဓာတ်ပုံ-The Reporters
ပုံစာ- နိုဝင်ဘာ ၁၇ ရက်ညက ရွှေကုက္ကိုလ်မှ ထွက်ပြေးကြသော ကျားဖြန့်များ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် ထောင်နှင့်ချီသော ကျားဖြန့်တို့ ဝရုန်းသုန်း ကားထွက်ပြေးနေကြကြောင်း သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများကို ယနေ့(နိုဝင်ဘာ၁၈ရက်)တွင် ကရင်နယ်ခြား စောင့်တပ် BGF တင်မက စစ်တပ်ကပါ ဝင်ရောက်စီးနင်းတော့မည်ဆိုသော သတင်းအရ နိုဝင်ဘာ ၁၇ရက် တစ်ညလုံး အထုပ်ဆွဲ ထွက်ပြေးနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံက သိရ သည်။

“တရုတ်တွေရော မြန်မာတွေရောပဲ၊ကိုယ့်အထုပ်ကိုယ်ဆွဲပြီး မနေ့ညက ရွှေကုက္ကိုလ်ကနေ ထွက် တာ။ ဘယ်ပြေးသလဲဆိုတော့ ထိုင်းထဲတော့ ဝင်ပြေးလည်း နည်းနည်းပဲထင်တယ်။ဘာလို့လဲဆိုတော့ ထိုင်း ထဲဝင်ပြေးရင် ဖမ်းမှာ။ တရုတ်တွေ ထိုင်းထဲ ဝင်မပြေးရဲဘူး။ BGF နဲ့ချိတ်ပြီး မော်လမြိုင်၊ ရန်ကုန်ပဲ ပြေးမှာ။BGF ကလည်း ကယ်ရီခ မြက်မြက်လေးယူပြီး စစ်တပ်နဲ့ ခွဲစားကြမှာပေါ့”ဟု ၎င်းက MPAသို့ ပြောသည်။

BGF/KNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ထိုင်းမီဒီယာအချို့နှင့်နိုဝင်ဘာ၁၇ရက်က တွေ့ဆုံစဉ် ကျားဖြန့်တို့ကို အပြတ်နှိမ်နင်းတော့မည်ဟု ပြောကြားပြီးနောက် ယနေ့နံနက်ပိုင်း၌ ဝင် စီးတော့မည်ဆိုသည့်သတင်း ထပ်မံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ထဲ ဖေဖေါ်ဝါရီထင်တယ်။တရုတ်ဖိအားပေးလို့ ရွှေကုက္ကိုလ်ထဲကို BGF ဝင်စီးဖူးတယ်။ အဲဒီ တုန်းကလည်း နိုင်ငံခြားသားတွေ ဖမ်းပြီး ထိုင်းဘက် လွှဲပို့ဖူးတယ်။ပြီးတော့လည်း ကျားဖြန့်က ကျား ဖြန့်ပဲလေ။ပြန်ကြီးထွားလာတာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်တပ်နှင့် BGF သည် ကျားဖြန့်အရေးနှင့်ပတ်သက်ပြီး အမေရိကန်ဖိအားပါ ဝင်လာသောကြောင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကြီးသော ရွှေကုက္ကိုလ်မြို့သစ်ကို အထိမခံလို၍ ကျားဖြန့်နှိမ်နင်းပြပြန်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။