ထိုင်းပါလီမန် ဖျက်သိမ်းရေးအမိန့်တော်ကို ဘုရင်က လက်မှတ်ထိုးပေးရန် ယာယီဝန်ကြီးချုပ် ဖူထမ်း ဝေချာယာချိုင်း တင်သွင်းခဲ့ခြင်းအပေါ် ဘုရင့်အကြံပေးကောင်စီရုံးက လက်မခံဘဲ ပြန်ပို့လိုက်သည်။
ယာယီဝန်ကြီးချုပ်၏ တင်ပြချက်များသည် ဥပဒေအားနည်းချက်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဘုရင့်အကြံပေးကောင်စီရုံးက ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ယာယီဝန်ကြီးချုပ်က အဆိုပါကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ဖူထမ်းက လွှတ်တော်ဖျက်သိမ်းခွင့်ကို ယမန်နေ့ (စက်တင်ဘာ ၂ ရက်)က တင်သွင်းခဲ့သော်လည်း ၎င်းတွင် ယခုကဲ့သို့ လုပ်ပိုင်ခွင့် ရှိ၊မရှိအပေါ် အငြင်းပွားမှုများလည်း ရှိနေသည်။
အစိုးရအိမ်တော်မှ သတင်းရင်းမြစ်တစ်ခုအရ ယနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် ဘုရင့်အကြံပေးကောင်စီရုံးက အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးရုံးသို့ ပြန်လည်အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖူထမ်းက ခွင့်ပြုချက်တောင်းသည့် လုပ်ငန်းစဉ်တွင် စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားမှု အားနည်းကြောင်း ဖော်ပြထားသည်ဟုလည်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။
ထိုင်းနိုင်ငံ၏ ဥပဒေအကြံပေးအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီ၏ အထွေထွေအတွင်းရေးမှူးက ကြားကာလအစိုးရတစ်ရပ်အနေဖြင့် လွှတ်တော်ဖျက်သိမ်းရန် အမိန့်တော်တောင်းခံခွင့် အာဏာမရှိကြောင်း ဥပဒေအကြံပေးခဲ့သည့်အတွက် ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ညနေ ၅နာရီ၂၀ မိနစ်ခန့်တွင် အစိုးရအိမ်တော်မှ ထွက်ခွာသွားခဲ့သည့် ဖူထမ်းက အမိန့်တော်ကို ဥပဒေနှင့်အညီ ပြန်လည်ပေးပို့ခဲ့သည်ဟူသော သတင်းများနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် “ကျွန်တော်သွားတော့မယ်၊ သွားတော့မယ်” ဟုသာ ပြန်လည်ပြောကြားခဲ့သည်။
ဘုရင့် ခွင့်ပြုမိန့်အတွက် ဒုတိယအကြိမ် ထပ်မံတင်သွင်းရန် ကြိုးစားနေသည်ဟူသော သတင်းများနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့သော်လည်း ဖူထမ်းက ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပေ။
