ယာယီဝန်ကြီးချုပ် ဖူထမ်း ဝေချရာချိုင်းသည် လွှတ်တော်ဖျက်သိမ်းရေး ဘုရင့်အမိန့်တော်မူကြမ်းအား တင်သွင်းရာတွင် တာဝန်ပေ့ါဆမှု၊ ဘုရင်မင်းမြတ်ကို စော်ကားမှုနှင့် ရာဇသတ်ကြီးပုဒ်မ ၁၅၇ တို့ဖြင့် ရဲတပ်ဖွဲ့က တိုင်ချက်များဖွင့်ထားသည်။
ထိုင်းဘာသာ Matichon သတင်းစာက ဖူထမ်း၏ အမိန့်တော်မူကြမ်းကို နန်းတွင်းကောင်စီရုံးက အကြောင်းပြချက်သုံးချက်ဖြင့် ပြန်ပို့ခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ယင်းအကြောင်းပြချက်များမှာ ဥပဒေအချက်အလက် ကိုက်ညီမှုအားနည်းချက်များ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ အမှားများနှင့် နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူး ပကွန် နေးလ်ပရာပန့်၏ မှတ်ချက်တို့ကြောင့် ဖြစ်သည်။
ပကွန်က အိမ်စောင့်အစိုးရသည် လွှတ်တော်ဖျက်သိမ်းရန် အာဏာမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ပကွန်သည် ဘူဂျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင် ချန်ဗီရာကူလ်နှင့် ရင်းနှီးသူအဖြစ် သတ်မှတ်ခံထားရသည်။
ဖူထမ်း၏ အမိန့်တော်မူကြမ်းအောက်တွင် လွှတ်တော်ကို ဖျက်သိမ်းနိုင်မည်မဟုတ်ကြောင်း ယခုအခါ သေချာနေပြီဖြစ်သည်ဟု အဆိုပါသတင်းရင်းမြစ်က ထပ်လောင်းပြောကြားခဲ့သည်။
ဖူထိုင်းပါတီခေါင်းဆောင်များသည် ထိုရလဒ်ကို လက်ခံပြီး အတိုက်အခံအဖြစ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေကြသည်။ ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် မဲခွဲဆုံးဖြတ်မှုကို စက်တင်ဘာ ၅ ရက်နေ့တွင် ပြုလုပ်နိုင်ဖွယ်ရှိသည်။
