ဘင်္ဂလားဒေ့ရှ် ဆန္ဒပြုမှုများအား ဖြိုခွဲရာတွင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ သေဒဏ်ချမှတ်ခံရ

ဓာတ်ပုံ - Reuters
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ဆန္ဒပြမှုများ ဖြစ်ပွားစဉ်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိုက် ဟာဆီနာအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးတစ်ခုက ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ ယနေ့ (နိုဝင်ဘာ ၁၇) တွင် သေဒဏ်ချမှတ်လိုက်သည်။

ပြီးခဲ့သည့်နှစ်က ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှုများကို ဖြိုခွဲရာတွင် သေစေလောက်သည့် အင်အားသုံး နှိမ်နင်းရန် အမိန့်ပေးခဲ့မှုအတွက် ယခုကဲ့သို့ မျက်ကွယ် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခု စီရင်ချက်သည် ဆယ်စုနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ဟောင်းတစ်ဦးအပေါ် အပြင်းထန်ဆုံး တရားဥပဒေအရ အရေးယူမှုဖြစ်ပြီး၊ လာမည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် ကျင်းပမည်ဟု မျှော်လင့်ရသော ပါလီမန်ရွေးကောက်ပွဲများ မတိုင်မီ လအနည်းငယ်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟာဆီနာ၏ အာဝါမီလိဂ် (Awami League) ပါတီကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။

အိန္ဒိယသို့ တိမ်းရှောင်နေသည့် ဟာဆီနာကိုသေဒဏ်စီရင်ချက်ကို ကြားနာပြီးနောက် တရားရုံးတွင်းတွင် အားပေးသံများနှင့် လက်ခုပ်သံများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ စီရင်ချက်ကို တရားရုံးချုပ် တွင် အယူခံဝင်နိုင်သော်လည်း ဟာဆီနာ၏ သားနှင့် အကြံပေးဖြစ်သူ ဆာဂျစ် ဝါဇက်က အာဝါမီလိဂ်ပါတီ ပါဝင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရတစ်ရပ် တက်လာမှသာ အယူခံဝင်မည်ဟု စီရင်ချက်မချမီ ညနေပိုင်းတွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်ဆေးမှုအတွင်း ရှေ့နေများက ၂၀၂၄ ခုနှစ်၊ ဇူလိုင်နှင့် သြဂုတ်လတို့တွင် ကျောင်းသားများ ဦးဆောင်သည့် အရေးအခင်းကို နှိမ်နင်းရန် သေစေနိုင်သည့် လက်နက်များကို အသုံးပြုရန် ၎င်း၏ တိုက်ရိုက်အမိန့်ပေးမှုဆိုင်ရာ သက်သေအထောက်အထားများကို ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့ကြောင်း တရားရုံးအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်အရ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၅ ရက်အတွင်း ဆန္ဒပြမှုများအတွင်း လူ ၁,၄၀၀ အထိ သေဆုံးခဲ့ပြီး၊ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ရာ အများစုမှာ လုံခြုံရေးတပ်ဖွဲ့များ၏ သေနတ်ပစ်ခတ်မှုကြောင့် ဖြစ်သည်။

ယင်းဖြစ်စဉ်သည် ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သော အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်သည်။