ပြည်တွင်း နေရပ်စွန့်ခွာဦးရေ ၃ သန်းခွဲကျော်ပြီဟု ကုလခန့်မှန်း

ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပုံစာ- နိုဝင်ဘာဒုတိယပတ်မှ စတင်ကာ စစ်ကြောင်းရှောင်နေသော ခင်ဦး၊ကန့်ဘလူ၊ရေဦး ပြည်သူများ

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာဦးရေမှာ နိုဝင်ဘာလအထိ ၃ ဒဿမ ၆ သန်းရှိမည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်သည်။

နေ့စဉ်ဖြစ်ပျက်နေသည့် လက်နက်ကြီးပစ်ခတ်မှုများ၊ လက်နက်ကိုင်တိုက်ပွဲများနှင့် နေရာအနှံ့ တိုက်ပွဲဖော်ဆောင်မှုများကြောင့် အရပ်သားများ ထိခိုက်မှုနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အောက်တိုဘာနှင့် နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲများကြောင့် မိသားစုများစွာ ၎င်းတို့ နေအိမ်များကို စွန့်ခွာခဲ့ကြရကာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမို များပြားလာခဲ့ကြောင်း UNOCHA က ဆိုသည်။

“မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ တာဝန်ယူနိုင်စွမ်းက စစ်ရှောင်ပြည်သူတစ်ဝက်လောက်ကိုတောင် စားနပ်ရိက္ခာအကူအညီ မယ်မယ်ရရ မပေးနိုင်ဘူးလို့ ထင်ပါတယ်။သေချာတာကတော့ ကျနော်တို့စစ် ကိုင်းတိုင်းထဲက စစ်ရှောင်ပြည်သူတွေ UN အထောက်အပံ့ ဘာမှမရပါဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အာဟာရပြည့်၀မှု ဆိုင်ရာ အခြေအနေများမှာ လျင်မြန်စွာ ဆုတ်ယုတ်လာနိုင်ဖွယ်ရှိသည်ဟုခန့်မှန်းထားကြောင်း UNOCHA က ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ကုန်ဆုံးရန် ၂လခန့်ပင် မကျန်တော့သည့် အချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) အတွက် ၁၅ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေရရှိထားကြောင်းနှင့် ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှုသည် လိုအပ်နေသူ လူဦးရေ သန်းပေါင်းများစွာအား လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရေးအတွက် အလွန် ခက်ခဲစေကြောင်းလည်း ထုတ်ပြန်ထားသည်။