အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီမှ KNU နှင့် KNPP ယာယီနုတ်ထွက်

ဓာတ်ပုံ-KNU၊ KNPP

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့သည့် အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ်ထွက်သွားကြောင်း စုံစမ်းသိရှိရသည်။

NUCCကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSOs)၊ အထွေထွေသပိတ်ကော်မတီများအခြားသော ပါဝင်သင့်သည့် အင်အားစုများဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် စတင်စုဖွဲ့ခဲ့ရာ လက်ရှိတွင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဖြစ်သည့် KNU နှင့် KNPP တို့ ယာယီနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

“နုတ်ထွက်တာဟုတ်ပါတယ်။ ဘာကြောင့်နှုတ်ထွက်တယ်ဆိုတာကိုတော့ နောက်မှ ပြောပြပါမယ့်။ ခုတော့အစည်းအဝေးတွေရှိနေလို့ပါ။ ” ဟု KNPP အတွင်းရေးမှူးဖြစ်သည့် ဦးအောင်ဆန်းမြင့်က MPA သို့ပြောသည်။

လက်ရှိ NUCC တွင် ပါဝင်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ယာယီ ရပ်ဆိုင်းရန်အတွက် ကောင်စီသို့ စာပို့ထားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစော‌တောနီး က ပြောသည်။

“တကယ်တမ်း NUCC မှာ အာရုံစိုက်လုပ်ဆောင်နေတဲ့အရာတွေက မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ဟာတွေနဲ့ အလှမ်းဝေးနေတာတွေ့မြင်ရတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်လူထုအတွက် ကြားကာလ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန်အတွက်
Kachin Political Interim Coordination Team (KPICT) သည် NUCC ၌ ပါဝင်ခဲ့သော်လည်း ၂၀၂၂ခုနှစ်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့သေးသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်းတွင် ပါဝင်မှု ရပ်နားခဲ့သည်။

NUCC သည် အခြေခံအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ယုံကြည်သည့် အင်အားစုအားလုံး စုပေါင်းညှိနှိုင်း ဆွေးနွေးသည့် ပလက်ဖောင်း (Platform) တစ်ခု ဖြစ် သည်။

” KNU တို့ KNPP တို့က NUCC စထောင်တဲ့အထဲမှာပါတယ်။ ERO တွေမပါတော့တဲ့အတွက် NUCC ရဲ့ နိုင်ငံရေးဦးဆောင်မှုအထိုင်ပျက်သွားတယ်လို့ ပြောလို့ရတယ် ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

NUCC သည် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အဓိက အင်အားစုအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေး ယန္တရားဖြစ်ပြီး KNUနှင့် KNPP ကဲ့သို့ အရေးပါသော EAO အဖွဲ့များ နုတ်ထွက်သွားပါက NUCC ၏ တိုင်းရင်းသား ကိုယ်စားပြုမှု ခိုင်မာမှု (Legitimacy) အပေါ် ထိခိုက်စေပြီး နိုင်ငံရေး ဩဇာ သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

NUCC အနေဖြင့် ထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ NUCC တွင် ပြန်လည်သုံးသပ်ပြင်ဆင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုချက် ရယူခဲ့သည်။