မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာရှာထွက်သည့် စစ်သားများကို PDF တို့ ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၁၉ရက်) နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ စက်မှု ၂မှ အနီးဝန်းကျင် တောတိုက်အတွင်းသို့ ရိက္ခာရှာထွက်လာသည့် စစ်သား ၂ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
” စက်မှု ၂ကနေ ပတ်ဝန်ကျင်းတောတိုက်တွေကို ဒီကောင်တွေ စားစရာပြတ်တော့ တောတိုက်တွေ က ဒယ်တွေ၊ ဒန်အိုးတွေ၊ ဆန်တွေ၊ ရိက္ခာတွေဝင်၊ ဝင်ယူကြတာပေါ့။ ယူတဲ့အချိန်မှာ ကျနော်တို့က လည်း အဲ့ဘက် သူတို့ထွက်တဲ့နေရာတွေ၊ သွားတဲ့နေရာတွေ စစ်ကြောင်းက နှစ်ကြောင်း၊ သုံးကြောင်း ရှိတော့ကျ အကုန်ပိတ်စောင့်နေကြတာ။ စောင့်တဲ့ချိန်မှာ ဒီကောင်တွေ ပြန်လာတဲ့အချိန်မှာ တွေ့ တာပေါ့” ဟု မြိုင်ပကဖသတင်းတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားတစ်ဦးမှာ ပေါင်ထိမှန်ဒဏ်ရာရပြီး အရှင်ဖမ်းဆီးရရှိခဲ့သဖြင့် ဆေးကုသမှုပေးထားကြောင်းသိရသည်။
” နှစ်ယောက်ကိုမှ သေနတ်တစ်လက်နဲ့ထွက်လာတာပေါ့။ ဒီတစ်ကောင်ကကျ ဓားပါတယ်ဗျ။ ခုပေါင်မှန်ထားတဲ့ကောင်က ဓားပါတာပေါ့။ ဓားအတို၊အရှည်အကုန်ပါတယ်။ ဟိုတစ်ယောက် ကတော့ သေနတ်တစ်လက်တည်းပဲပါတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသွားသည့် စစ်သားအလောင်းကို စစ်တပ်ဘက်က လာရောက်ကောက်ယူခြင်းမရှိသေး ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် MA1တစ်လက် ၊ ကျည်၄၇၃တောင့် ၊ ကျည်ဘောက် ၆ခုနှင့် အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Good Brothers တပ်ဖွဲ့ နှင့်အညာမြေတပ်ပေါင်းစုအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
