အိန္ဒိယထုတ် Tejas တိုက်လေယာဉ် ဒူဘိုင်းလေကြောင်းပြပွဲတွင် ပျက်ကျ

ဓာတ်ပုံ- Aerospace Global News
ပုံစာ-အိန္ဒိယ၏ Tejas တိုက်လေယာဉ်

Reuters

ဒူဘိုင်းနိုင်ငံတွင် ပြုလုပ်သည့် လေကြောင်းပြပွဲ၌ အိန္ဒိယထုတ် Tejas တိုက်လေယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၂၁ ရက်က သရုပ်ပြပျံသန်းနေချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ လေကြောင်းပြပွဲသို့ တက်ရောက်ခဲ့သူ အသက် ၄၆ နှစ်အရွယ်ရှိ ဂျနက်ရှ်ဗာရီယာက တိုက်လေယာဉ်သည် ပျံသန်းချိန် ၈မိနစ် သို့မဟုတ် ၉မိနစ်ခန့် နှစ်ပတ် သို့မဟုတ် သုံးပတ်မျှ အောင်မြင်စွာ ပျံသန်းပြီးနောက် ဒေသစံတော်ချိန် ညနေ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မြေပြင်သို့ ဇောက်ထိုးကျသွားကြောင်း ပြောကြားသည်။

“လေယာဉ်မြေပြင်နဲ့ တိုက်မိတဲ့အချိန်မှာ မီးလုံးကြီးသုံးလုံးကို ကျွန်တော် တွေ့လိုက်ရပါတယ်” ဟု ၎င်းက ဆိုသည်။

ယခု Tejas တိုက်လေယာဉ် ပျက်ကျမှုသည် နိုင်ငံပိုင် Hindustan Aeronautics မှ တည်ဆောက်ပြီး General Electric အင်ဂျင်များ တပ်ဆင်ထားသည့် တစ်လုံးတည်းသော အင်ဂျင်တပ် ၄.၅-မျိုးဆက် တိုက်လေယာဉ်၏ ဒုတိယမြောက် ပျက်ကျမှုဖြစ်သည်။ ပထမဆုံးအကြိမ် ပျက်ကျမှုမှာ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ လေ့ကျင့်ခန်းပြုလုပ်စဉ်က ဖြစ်ပွားခဲ့သည်။

သက္ကတဘာသာဖြင့် “တောက်ပခြင်း” ဟု အဓိပ္ပာယ်ရသည့် အဆိုပါ ပြည်တွင်းဖြစ် အိန္ဒိယလေတပ်၏ လေယာဉ်အုပ်စုကို ခေတ်မီစေရေး ကြိုးပမ်းမှုအတွက် အရေးပါသည်ဟု ရှုမြင်ကြသည်။

အိန္ဒိယလေတပ်သည် ရုရှားနှင့် ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ တိုက်လေယာဉ်များ အဓိကဖွဲ့စည်းထားသည်။

ယခု နိုဝင်ဘာ ၁၇ ရက်က စတင်ခဲ့သော ဒူဘိုင်း လေကြောင်းပြပွဲသည် အရှေ့အလယ်ပိုင်း၏ အကြီးဆုံးသော လေကြောင်းဆိုင်ရာပွဲတော်ဖြစ်ပြီး လေကြောင်းပြပွဲ၏ နောက်ဆုံးနေ့တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

“မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စိစစ်ဖို့ စုံစမ်းရေးခုံရုံးကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်” ဟု အိန္ဒိယလေတပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လေယာဉ်မှူးလည်း သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ပထမဆုံး ထုတ်လုပ်ခဲ့သော်လည်း ယင်းထက် နှစ် ၂၀ စောသော လေ့လာမှုများမှ စတင်ခဲ့သည့် Tejas ကို အိန္ဒိယ၏ ရုရှား MiG-21 လေယာဉ်အုပ်စုကို အစားထိုးရန်အတွက် အပေါ့စားတိုက်ခိုက်ရေး ဂျက်လေယာဉ်အဖြစ် ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။